လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များ



ကျွန်ုပ်တို့၏ တိုက်ရိုက်ထုတ်လွှင့်မှု မူဝါဒများကို အပ်ဒိတ်လုပ်နေပါသည်။ 2022 ခုနှစ် နိုဝင်ဘာလ 23 ရက် မှစတင်၍ တိုက်ရိုက်ထုတ်လွှင့်မှုကို လက်ခံဆောင်ရွက်ရန် သင်သည် အနည်းဆုံး အသက် ၁၈ နှစ်ရှိရပါမည်။ ကျွန်ုပ်တို့၏မူဝါဒအသစ်များကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်

နိဒါန်း

၂၀၂၂ ခုနှစ် ဖေဖော်၀ါရီလတွင် မွန်းမံပြုပြင်ရေးဆွဲထားသည်။  

TikTok ၏ ဦးတည်ချက်မှာ တီထွင်ဖန်တီးနိုင်စွမ်း အားပေးရန်နှင့် အသုံးပြုသူများပျော်ရွှင်စေရန် ဖြစ်သည်။ ကျွန်ုပ်တို့သည် လူများ မိမိတို့အနီးပတ်ဝန်းကျင်ရှိ လောကကို ဖန်တီး၊ ဝေမျှ၊ ဖော်ထုတ်နိုင်ပြီး ကမ္ဘာတစ်ဝန်းရှိ အခြားသူများနှင့် ချိတ်ဆက်နိုင်သည့် လူမှုအသိုင်းအဝိုင်းတစ်ရပ်ကို တည်ဆောက်နေပါသည်။ ကျွန်ုပ်တို့၏ ကြီးထွားလာသည့်လူမှုအသိုင်းအဝိုင်းအတွက် ပံ့ပိုးမှုရှိသော ပတ်ဝန်းကျင်တစ်ရပ်ကို ထိန်းသိမ်းထားရန် ကျွန်ုပ်တို့ မှာ

တာဝန် ရှိပါသည်။ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များတွင် လူတိုင်းအတွက် နွေးထွေးစွာကြိုဆိုသော နေရာတစ်ခုအတွက် စံများ၊ အများနှင့် ဆိုင်သောကျင့်ဝတ် စသည်တို့ကို သတ်မှတ်ထားပါသည်။

ကျွန်ုပ်တို့သည် TikTok တွင် ဘေးကင်းခြင်း၊ မတူကွဲပြားခြင်း၊ အသိုင်းအဝိုင်းမျိုးစုံပါဝင်စေခြင်းနှင့် မှန်ကန်စစ်မှန်မှုတို့ကို အလေးပေးပါသည်။ ကျွန်ုပ်တို့ သည် ဖန်တီးသူများအား ကွဲပြားသည့် ကိုယ်ပိုင်အရည်အချင်းများအပေါ် ဂုဏ်ယူရန်နှင့် ကြည့်ရှုသူများအား ၎င်းတို့ကို လှုံ့ဆော်အားပေးသည့် အရာများကို လုပ်ဆောင်ရန် အားပေးတိုက်တွန်းပါသည်။  လူတိုင်း ထိုသို့ပြုလုပ်ရာတွင် ဘေးကင်းသည့် ပတ်ဝန်းကျင်တစ်ရပ်သည် အရေးပါအထောက်အကူပြုသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့လူမှုအသိုင်းအဝိုင်း၏ ကမ္ဘာတစ်ဝန်းလုံးသဘောသဘာဝကို အလေးအနက်တန်ဖိုးထားပြီး ကျွန်ုပ်တို့ လုပ်ငန်းလည်ပတ်သည့်နေရာတွင် ယဉ်ကျေးမှုစံများ၏ ကျယ်ပြန့်မှုကို ထည့်သွင်းစဉ်းစားရန် ကြိုးစားပါသည်။  TikTok တွင် စစ်မှန်သည့် အကြောင်းအရာများကိုသာ ခွင့်ပြုခြင်းဖြင့် စစ်မှန်သည့် အပြန်အလှန်ဆက်ဆံရေးများအတွက် ပတ်ဝန်းကျင်တစ်ရပ်ကို  ပြုစုပျိုးထောင်ပေးရန်လည်း ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များသည် အသုံးပြုသူလူတိုင်းနှင့် TikTok ပလက်ဖောင်းရှိ အရာတိုင်းနှင့် သက်ဆိုင်ပါသည်။ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များဆိုင်ရာ ချိုးဖောက်မှုဖြစ်နိုင်သည်များကို  မတင်ပြမီ နည်းပညာအားဖြင့်၊ လူအားဖြင့် ထိန်းချုပ်ခြင်းတို့ကို ပေါင်းစပ်၍အသုံးပြုပြီး မိမိတို့ဘက်မှ ကြိုတင်၍ ကြီးကြပ်ပါသည်။ TikTok အသုံးပြုသူများအတွက် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များကို ချိုးဖောက်သည်ဟု ယူဆသည့် အကြောင်းအရာများကို တိုင်ကြားရန် TikTok ပလက်ဖောင်းတွင် ကျွန်ုပ်တို့ ပေးအပ်ထားသည့် နည်းပညာကိရိယာများ ကို အသုံးပြုရန်လည်း တိုက်တွန်းပါသည်။

ကျွန်ုပ်တို့သည် ဗီဒီယို၊ အသံ၊ တိုက်ရိုက်ထုတ်လွှင့်ခြင်း၊ ရုပ်ပုံများ၊ ဝေဖန်ချက်များ၊ လင့်ခ်များ သို့မဟုတ် အခြားစာသားများ အပါအဝင်၊ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များကို ချိုးဖောက်သည့် မည်သည့်အကြောင်းအရာကိုမဆို ဖယ်ရှားပါမည်။ ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်များကို လူပုဂ္ဂိုလ်များကို အသိပေးပြီး မည်သည့်ချိုးဖောက်မှုမျှ ဖြစ်ပေါ်ခဲ့ခြင်းမရှိဟု ၎င်းတို့ ယူဆပါက အယူခံဝင်နိုင်ပါသည်။ ဤပလက်ဖောင်းတွင် ဆိုးရွားသည့်ချိုးဖောက်မှုများ သို့မဟုတ် ကြိမ်ဖန်များစွာ ချိုးဖောက်မှုများနှင့် သက်ဆိုင်သည့် အကောင့်များနှင့်/သို့မဟုတ် အသုံးပြုသူများကို ကျွန်ုပ်တို့ ပိတ်ပင်အရေးယူပါမည်။ ဤဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကျွန်ုပ်တို့သည် အခြားပလက်ဖောင်းများအပြင် အင်တာနက်ဖြင့် ချိတ်ဆက်ထားခြင်းမရှိသည့်အချိန်၌ အပြုအမူများကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပါသည်။ လူ့အသက်ကို လက်တွေ့ ခြိမ်းခြောက်သည်ဟု တိကျယုံကြည်လောက်သည့် မည်သည့်အခြေအနေကိုမဆို ဥပဒေ ကြီးကြပ်ရေးအာဏာပိုင်များထံ ကျွန်ုပ်တို့ တိုင်ကြားနိုင်ပါသည်။ TikTok သည် အသက် ၁၃ နှစ်နှင့် အထက်ရှိသူများအတွက်သာဖြစ်ပြီး၊ ဤအသက်အောက်ရှိသည်ဟု ကျွန်ုပ်တို့ သံသယရှိသူများ၏ အကောင့်များအား ကျွန်ုပ်တို့ ဖယ်ရှားပါသည်။  (အမေရိကန်ပြည်ထောင်စုတွင်၊ ကျွန်ုပ်တို့သည် TikTok ၌ ၁၃ နှစ်အောက် ငယ်ရွယ်သောအသုံးပြုသူ ပရိသတ်အတွက် အထူးသီးသန့် ထုတ်လုပ်ထားသော အက်ပ် အတွေ့အကြုံ အနည်းအကျဉ်းကို နောက်ထပ်အကာအကွယ်များ၊ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက် အကာအကွယ်များဖြင့် လိုက်လျော၍ထားရှိပေးသည်။)

ယုံကြည်စိတ်ချမှုနှင့်ဘေးကင်းရေးတို့ကို ထည့်သွင်းစဉ်းစား၍ ကျွန်ုပ်တို့၏ အယ်လ်ဂရစ်သမ်များကို စီမံထားပါသည်။ အချို့သော အကြောင်းအရာများကို ရှာဖွေမှု၏ရလဒ်များအား လမ်းကြောင်းလွှဲပေးခြင်း၊ သို့မဟုတ် ဗီဒီယိုများအား သင့်အတွက် (For You) ပေး၀ေချက်များတွင် အကြံပြု၍မရအောင် ပြုလုပ်ခြင်း အပါအဝင်၊ တွေ့ရှိနိုင်မှုကို လျော့နည်းအောင် ပြုလုပ်နိုင်ပါသည်။ နောက်ထပ် အချက်အလက်များကို အောက်ပါ (For You) ပေး၀ေချက်အပိုင်းအတွက် အကျုံးမ၀င်သည့် အရာများတွင် တွေ့နိုင်ပါသည်။

တစ်ချိန်တည်းမှာပင်၊ သာမန်အားဖြင့် ကျွန်ုပ်တို့၏လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များအရ ဖယ်ရှားမည့် အကြောင်းအရာအချို့သည် အများပြည်သူ အကျိုးဖြစ်စေနိုင်ကြောင်းကို ကျွန်ုပ်တို့ သိရှိနားလည်ပါသည်။  ထို့ကြောင့် ကျွန်ုပ်တို့သည် ပညာရေးဆိုင်ရာများ၊ မှတ်တမ်း၊ သိပ္ပံပညာဆိုင်ရာ၊ အနုပညာဆိုင်ရာ သို့မဟုတ် ဟာသ အကြောင်းအရာ၊ စိတ်ကူးယဉ် အနေအထားရှိသည့် အကြောင်းအရာ သို့မဟုတ် ကျွမ်းကျင် ပညာရှင် အနေအထားများ၊ တန်ပြန်ပြောဆိုချက် သို့မဟုတ် လူမှုရေးအရ အရေးပါသည့် အကြောင်းအရာများကို သီးခြားထုတ်ဖော် ပြောဆိုမှုဖြစ်ပေါ်စေသည့် အကြောင်းအရာများ စသည်အနေအထားများတွင် ခြွင်းချက်များကို ခွင့်ပြုနိုင်ပါသည်။ ဂရပ်ဖစ် ကြမ်းတမ်းသည်ဗီဒီယိုအကြောင်းအရာတို့၏ ဆိုးကြိုးသက်ရောက်မှု နည်းစေရန်၊ ကျွန်ုပ်တို့သည်  “ရွေးချယ်ရန်”ဟူသည့် စာမျက်နှာ သို့မဟုတ် သတိပေးချက်တစ်ရပ်ကဲ့သို့ ဘေးကင်းရေး လုပ်ဆောင်ချက်များကို ကြိုတင်ထည့်သွင်းတင်ပြထားပါသည်။ ကျွန်ုပ်တို့ တာဝန်၏အစိတ်အပိုင်းတစ်ရပ်အဖြစ် TikTok အား ဖန်တီးမှုနှင့်ပျော်ရွှင်မှုအတွက် ဘေးကင်းသည့် နေရာအဖြစ် ထားရှိရန်၊ ကျွန်ုပ်တို့သည်သက်ဆိုင်ရာ အကျိုးသက်ရောက်မှုရှိနိုင်သူများနှင့် တိုင်ပင်၍ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များကို အပြုအမူသစ်များ၊ အန္တရာယ်သစ်များနှင့် အတူယှဉ်၍ အဆင့်ဆင့် ပြောင်းလဲရန် ရံဖန်ရံခါ အသစ်ပြုပြင်ရေးသားပါသည်။

 

အသက်မပြည့်သေးသူ ဘေးကင်းရေး 

ကျွန်ုပ်တို့၏ပလက်ဖောင်းတွင် အသက်မပြည့်သေးသူများ ဘေးကင်းရန်သေချာစေရေးအတွက် ကျွန်ုပ်တို့ မှာ အလေးအနက် တာဝန် ရှိပါသည်။  အသက် ၁၈ နှစ်အောက် မည်သူကိုမဆို TikTok မှ အသက်မပြည့်သေး သူဟု သတ်မှတ်ပါသည်။ TikTok တွင် အသက်မပြည့်သေးသူများကို နှိပ်စက်ခြင်း၊ ထိခိုက်စေခြင်း၊ အန္တရာယ် ဖြစ်စေခြင်း၊ သို့မဟုတ် အမြတ်ထုတ်ခြင်းတို့ကို ဖြစ်ပေါ်စေသည့် လှုပ်ရှားမှုများကို ကျွန်ုပ်တို့ တားမြစ်ပါသည်။  ကာတွန်း၊ သို့မဟုတ် ဒစ်ဂျစ်တယ်နည်းဖြင့် ဖန်တီးထားသည့်၊ သို့မဟုတ် ပြုပြင်ထားသည့်မီဒီယာ အပါအဝင် အသက် မပြည့်သေးသူများကို နှိပ်စက်မှု၊ အမြတ်ထုတ်မှု သို့မဟုတ် အန္တရာယ်ဖြစ်စေသည့် အကြောင်းအရာသည် ကျွန်ုပ်တို့၏ ပလက်ဖောင်းတွင် ချိုးဖောက်မှု တစ်ခုဖြစ်ပြီး ရှာဖွေတွေ့ ရှိခဲ့ပါက ဖယ်ရှားခံရပါမည်။ ကျွန်ုပ်တို့ သည် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်သည့် အရာများ (child sexual abuse material) (CSAM) နှင့် ပံ့ပိုးသည့် အထောက်အထားများကို ပျောက်ဆုံးနေသောကလေးများနှင့် နှိပ်စက်ခံရသောကလေးများအတွက် နိုင်ငံတော် ဗဟိုဌာန (National Center for Missing & Exploited Children) (NCMEC) နှင့် အခြားသက်ဆိုင်ရာ ဥပဒေအာဏာပိုင်များထံ တိုင်ကြားပါသည်။

ကျွန်ုပ်တို့၏အသုံးပြုသူများသည် ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် စည်းကမ်းများ တွင် ပြဋ္ဌာန်းထားသည့်အတိုင်း၊ TikTok အသုံးပြုရန်အတွက် အနည်းဆုံးအသက်အရွယ် သတ်မှတ်ချက်များနှင့် ပြည့်မီရပါမည်။ အသက်မပြည့်သေးသည့် အကောင့်တစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့ပါက ၎င်းအကောင့်ကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်။  အသက်မပြည့်သေးသူများ ဘေးကင်းရေးကိုသတိမူ၍ ကျွန်ုပ်တို့၏ပလက်ဖောင်းကို စီမံထားသောကြောင့် အချို့သောအင်္ဂါရပ်များတွင် အသက်ကန့်သတ်ချက် ရှိပါသည်။  အသက် ၁၆ နှစ်အောက် အကောင့်ပိုင်ရှင်များသည် စာတိုတိုက်ရိုက်ပို့ခြင်း သို့မဟုတ် တိုက်ရိုက်ထုတ်လွှင့်ခြင်း မပြုနိုင်ဘဲ ၎င်းတို့၏အကြောင်းအရာသည် (သင့်အတွက်) For You ပေးသွင်းမှုတွင် ပါဝင်ရန် သတ်မှတ်ချက် ပြည့်မီခြင်းမရှိပါ (အချို့အရပ်ဒေသများတွင် အသက်ကန့်သတ်ချက် ပို၍ မြင့်မားနိုင်ပါသည်)။ အသက် ၁၈ နှစ်အောက်အကောင့်ပိုင်ရှင်များသည် ကျွန်ုပ်တို့၏ ကွန်ပျူတာမှ လက်ဆောင်ပေးသည့် အင်္ဂါရပ်များမှတစ်ဆင့် လက်ဆောင်များ ပို့ခြင်း သို့မဟုတ် လက်ခံရယူခြင်းတို့ မပြုနိုင်ပါ။  

အသက်မပြည့်သေးသူများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း  

TikTok သည် CSAM သို့မဟုတ် အသက်မပြည့်သေးသူ တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သည့် မည်သည့် အကြောင်းအရာ သို့မဟုတ် အကောင့်မဆိုကို အရေးယူပါမည်။  အသက်မပြည့်သေးသူတစ်ဦးအား အမြတ်ထုတ်ခြင်းဖြင့် ငွေကြေးအရ၊ လူမှုရေးအရ၊ လိင်ပိုင်းဆိုင်ရာအရ သို့မဟုတ် နိုင်ငံရေးအရ အကျိုးအမြတ် ရရှိခြင်း အပါအဝင် လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် ရာထူး သို့မဟုတ် အာဏာ သို့မဟုတ် ယုံကြည်စိတ်ချမှု တစ်စုံတစ်ရာကို အလွဲသုံးစားလုပ်ခြင်းကို အသက်မပြည့်သေးသူများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းဟု သတ်မှတ်ပါသည်။ ခေါင်းပုံဖြတ်သည့်အရွယ်ရောက်သူများ၊ ရွယ်တူများက ရိုက်ကူးသည်ဖြစ်စေ၊ အသက်မပြည့်သေးသူများက မိမိတို့ဘာသာ ထုတ်လုပ်သည်ဖြစ်စေ၊ အသက်မပြည့်သူ တစ်ဦး၏ လိင်ပိုင်းဆိုင်ရာအသားပေး ဖော်ပြထားသည့် အဖော်အချွတ် သို့မဟုတ် လုပ်ဆောင်ချက်ကို ကလေးအား လိင်ပိုင်းဆိုင်ရာမတော်မတရားပြုကျင့်ခြင်း CSAM ဟု သတ်မှတ်ပါသည်။  

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ဒေါင်းလုဒ်လုပ်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • CSAM ကိုဝေမျှသည့်၊ ပြန်လည်ဝေမျှသည့်၊ ကုန်သွယ်ရန် သို့မဟုတ် ရောင်းချရန် ကမ်းလှမ်းသည့်၊ သို့မဟုတ် ပလက်ဖောင်းတွင်မရှိသော အသုံးပြုသူများကို လမ်းညွှန်သည့် သို့မဟုတ် ဖြန့်ဝေသည့် အကြောင်းအရာ
  • လိင်သဘောသက်ရောက်စေသည့်နည်းဖြင့် အသက်မပြည့်သေးသူများနှင့် ဆက်ဆံသည့်၊ သို့မဟုတ် အသက်မပြည့် သေးသူတစ်ဦးအား (ဥပမာ "duets" ကဲ့သို့ အင်္ဂါရပ်ဖြင့်) လိင်သဘော သက်ရောက်စေသည့် အကြောင်းအရာ
  • အဖော်အချွတ်၊ လိင်သဘောသက်ရောက်စေထားသည့် အသက်မပြည့်သေးသူများ၊ သို့မဟုတ် အသက်မပြည့်သေးသူများနှင့် လိင်ဆက်ဆံခြင်းအပါအဝင် ကလေးမတော်မတရားပြုမှု ရုပ်ပုံများကို သရုပ်ဖော်ခြင်း၊ တောင်းခံခြင်း၊ အမွှမ်းတင်ခြင်း သို့မဟုတ် အားပေးခြင်းတို့ ပါဝင်သည့် အကြောင်းအရာ
  • ကလေးများအပေါ် ကာမစိတ်ယိမ်းညွတ်မှု သို့မဟုတ် အသက်မပြည့်သေးသူတစ်ဦးအား လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို သရုပ်ဖော်ခြင်း၊ အားပေးခြင်း၊ ပုံမှန်ဖြစ်စေခြင်း သို့မဟုတ် အမွှမ်းတင်ခြင်းပါဝင်သည့် အကြောင်းအရာ 
  • တိုက်ရိုက်ပါဝင်ခြင်းမရှိသည့် ကြားလူတစ်ဦးက လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှု သို့မဟုတ် ဝန်ခံချက်များကို ပြန်လည် ဝေငှခြင်း သို့မဟုတ် ပြန်လည်သရုပ်ဆောင်ခြင်းအားဖြင့် အသက်မပြည့်သေးသော နှိပ်စက်ခံရသူအား ပြန်လည်၍ ဒုက္ခခံရစေသည့် သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သည့် အကြောင်းအရာ 

လက်သပ်မွေးသည့် အပြုအမူ

နောင် သို့မဟုတ် လက်ရှိဖြစ်ပေါ်နေသော လိင်ပိုင်းဆိုင်ရာအဆက်အသွယ်၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမှု၊ လူကုန်ကူးရန် သို့မဟုတ် အခြားသောအမြတ်ထုတ်ရန် ရည်ရွယ်ချက်များအတွက် အသက်မပြည့်သေးသူတစ်ဦး၏ ယုံကြည်စိတ်ချမှုကို ရယူရန် အရွယ်ရောက်သူလူကြီးတစ်ဦးမှ အသက်မပြည့်သေးသူတစ်ဦးနှင့် စိတ်ခံစားမှု ဆက်ဆံရေးတည်ဆောက်သည့် အပြုအမူများသည် လက်သပ်မွေးသည့် အပြုအမူများဖြစ်သည်။ ဤအပြုအမူ များတွင် မြှောက်ပင့်ပြောဆိုခြင်း၊ ဤပလက်ဖောင်း၌ဖြစ်စေ အခြားနေရာ၌ဖြစ်စေ အဆက်အသွယ်ပြုရန် တောင်းဆိုချက်များ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို တောင်းဆိုချက်များ၊ အသက်မပြည့်သေးသူကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုသည့် အရာများကို တောင်းခံခြင်း၊ လိင်ပိုင်းဆိုင်ရာ တောင်းခံခြင်းများ သို့မဟုတ် မှတ်ချက်များနှင့် လက်ဆောင်ပေးခြင်းတို့ ပါဝင်ပါသည်။ 

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • လက်သပ်မွေးသည့် ချဥ်းကပ်မှုများ
  • လက်သပ်မွေးသည့်အပြုအမူများကို သရုပ်ဖော်ခြင်း၊ အားပေးခြင်း၊ ပုံမှန်ဖြစ်စေခြင်း သို့မဟုတ် အမွှမ်းတင်ခြင်း ပါဝင်သည့် အကြောင်းအရာ
  • အသက်မပြည့်သေးသူတစ်ဦးနှင့်အရွယ်ရောက်သူတစ်ဦးအကြား သို့မဟုတ် အသက်အရွယ် အလွန်ကွာခြားသည့် အသက်မပြည့်သူများအကြား လက်တွေ့လောကတွင် လိင်ပိုင်းဆိုင်ရာ ဆက်သွယ်ရန် တောင်းခံချက်များ ပါဝင်သည့် အကြောင်းအရာ 
  • အသက်မပြည့်သေးသူများအား အဖော်အချွတ်ကို ပြသသည့် သို့မဟုတ် ကမ်းလှမ်းသည့် အကြောင်းအရာ
  • အသက်မပြည့်သေးသူများအား အခြားပလက်ဖောင်း၊ ဝက်ဘ်ဆိုက် သို့မဟုတ် အခြား ဒစ်ဂျစ်တယ် နေရာတစ်ခုတွင် အရွယ်ရောက်သူတစ်ဦးနှင့် ချိတ်ဆက်ရန် တောင်းခံသည့် အကြောင်းအရာ
  • အကြပ်ကိုင်ခြင်း သို့မဟုတ် အခြားအတင်းအကြပ်ပြုစေသည့်နည်းများဖြင့် ဝတ်လစ်စလစ် ရုပ်ပုံ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အဆက်အသွယ် တောင်းခံခြင်း

အသက်မပြည့်သေးသူများပါဝင်သည့် အဖော်အချွတ်နှင့် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှု

ရင်သား၊ လိင်အင်္ဂါ များ၊ စအို၊ သို့မဟုတ် တင်ပါးများကို  ပေါ်ပေါ်ထင်ထင်ဖော်ပြသည့် သို့မဟုတ် အသက်မပြည့်သေးသူ များ ပါဝင်နေသည့် လိင်ဆက်ဆံမှုများကို တုပသည့်၊ ရည်ညွှန်းသည့် သို့မဟုတ် ဖော်ပြသည့် အပြုအမူများကို ပေါ်ပေါ် ထင်ထင်ဖော်ပြသည့် အကြောင်းအရာများသည် အသက်မပြည့်သေးသူများ ပါဝင်ပတ်သက်နေသည့် အဖော်အချွတ်နှင့် လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွင် ပါဝင်ပါသည်။

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • လိင်အင်္ဂါ အတွင်းထိုးသွင်းမှုရှိသည့် လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုများနှင့် လိင်အင်္ဂါ အတွင်း ထိုးသွင်းမှုမရှိသည့် လိင်ဆက်ဆံမှု၊ ခံတွင်းနှင့် လိင်ဆက်ဆံခြင်း၊ သို့မဟုတ် ကာမရာဂ နှိုးဆွသော နမ်းခြင်းတို့အပါအဝင် အသက်မပြည့်သေးသူ လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုများကို သရုပ်ဖော်သည့် သို့မဟုတ် သွယ်ဝိုက်၍ရည်ညွှန်းသည့်အကြောင်းအရာ
  • အသက်မပြည့်သေးသူတစ်ဦးပါဝင်သည့် ကာမရာဂနှိုးဆွမှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကို သရုပ်ဖော်သည့် အကြောင်းအရာ  
  • အသက်မပြည့်သေးသူတစ်ဦး ပါဝင်ပတ်သက်သည့် ကာမစိတ်စွဲအရာကို သရုပ်ဖော်ပြသည့် အကြောင်းအရာ
  • လှစ်ဟဖော်ပြထားသည့် လိင်အင်္ဂါများ၊ တင်ပါးများ၊ ဆီးခုံနေရာ သို့မဟုတ် အသက်မပြည့်သေးသူ အမျိုးသမီးတစ်ဦး၏ နို့သီးခေါင်းများတို့ကို သရုပ်ဖော်သည့် အကြောင်းအရာ
  • အသက်မပြည့်သေးသူတစ်ဦးအား လိင်အရ အသားပေး စကားအသုံးအနှုန်းဖြင့် သရုပ်ဖော်ထားသည့် သို့မဟုတ် ဖော်ပြထားသည့်အကြောင်းအရာ
  • အသက်မပြည့်သေးသူတစ်ဦးအား လိင်ပိုင်းအရ အသားပေး သီချင်းစာသားဖြင့် သရုပ်ဖော်ထားသည့်အကြောင်းအရာ
  • တင်ပါးလှုပ်ခါခြင်း၊ ရင်သားလှုပ်ခါခြင်း၊ တင်ပါးဆုံကို ရှေ့သို့ထိုးခြင်း၊ သို့မဟုတ် မိမိကိုယ်တိုင်၏ သို့မဟုတ် အချင်းချင်း၏ ပေါင်ခြံ သို့မဟုတ် ရင်သားများကို ပွတ်သပ်ခြင်းအပါအဝင်၊ အသက်မပြည့်သေးသူတစ်ဦး လိင်အရ အသားပေး ကခုန်ခြင်း ပါဝင်သည့် အကြောင်းအရာ
  • အသက်မပြည့်သူတစ်ဦး အဝတ်အစားချွတ်နေခြင်းကို သရုပ်ဖော်ထားသည့် အကြောင်းအရာ
  • တည်နေရာနှင့်အခြေအနေအရ သက်ဆိုင်ခြင်းမရှိသည့် အဝတ်အစားအနည်းအကျဉ်းသာ ဝတ်စားထားသော အသက်မပြည့်သေးသူတစ်ဦးအား သရုပ်ဖော်ထားသည့် အကြောင်းအရာ
  • အသက်မပြည့်သေးသူတစ်ဦး၏ အဖော်အချွတ် သို့မဟုတ် လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုကို ဖုံးအုပ်ထားရန် သို့မဟုတ် ရည်ညွှန်းရန် အသုံးပြုသည့် လိင်သဘောသက်ရောက်စေသည့် မှတ်ချက်များ၊ အီမိုဂျီများ၊ စာသားတို၊ သို့မဟုတ် အခြားရေးဆွဲခြင်းများ

အသက်မပြည့်သေးသူများ၏ ထိခိုက်နိုင်သောလှုပ်ရှားမှုများ

အသက်မပြည့်သေးသူ၏ ထိခိုက်နိုင်သော လှုပ်ရှားမှုများတွင် အသက်မပြည့်သေးသူများကို တားမြစ်ထားသည့် ဆေးဝါးနှင့် ဓာတုပစ္စည်းများ ပိုင်ဆိုင်မှု သို့မဟုတ် သုံးစွဲမှု၊ တရားဝင်ဆေးဝါးနှင့် ဓာတုပစ္စည်းများ တလွဲသုံးမှု၊ တရားမဝင် လှုပ်ရှားမှုများ တွင် ပါဝင်ခြင်း၊ အသက်မပြည့်သေးသူများ၏ ကောင်းကျိုးကို အန္တရာယ်ဖြစ်နိုင်သည့် လှုပ်ရှားမှုများ၊ ကာယပိုင်းဆိုင်ရာ စိန်ခေါ်ခြင်းများ သို့မဟုတ် စိန်ခေါ်မှုများတွင် ပါဝင်ခြင်းတို့ ပါဝင်ပါသည်။ ထိုကဲ့သို့သောအကြောင်းအရာကို ကျွန်ုပ်တို့၏ ပလက်ဖောင်းမှ ဖယ်ရှားပါသည်။

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • အသက်မပြည့်သေးသူတစ်ဦးက အရက်၊ ဆေးရွက်ကြီး သို့မဟုတ် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိခြင်း သို့မဟုတ် သောက်သုံးခြင်းကို အကြံပြုခြင်း ၊ သရုပ်ဖော်ပြခြင်း၊ အတုခိုးခြင်း သို့မဟုတ် အားပေးအားမြှောက်ပြု ခြင်းများ ပါဝင်သည့် အကြောင်းအရာ
  • အသက်မပြည့်သေးသူများကို ပစ်မှတ်ထား၍ အရက်၊ ဆေးရွက်ကြီး၊ သို့မဟုတ် ထိန်းချုပ်ထားသည့် ဆေးဝါးနှင့် ဓာတုပစ္စည်းများကို ဝယ်ယူပုံ၊ ရောင်းချပုံ၊ သို့မဟုတ် ကုန်သွယ်ပုံကို သင်ကြားပို့ချချက်များအား ကမ်းလှမ်းသည့် အကြောင်းအရာ
  • ကိုယ်ကာယအပေါ် စိန်ခေါ်မှုများ၊ အရဲစွန့်ခြင်းများ သို့မဟုတ် စွန့်စားမှုများ အပါအဝင် လူငယ်၏ကောင်းကျိုးကို ထိခိုက်နိုင်သည့် လှုပ်ရှားမှုများကို သရုပ်ဖော်ပြခြင်း သို့မဟုတ် အားပေးကူညီခြင်း ပါဝင်သည့် အကြောင်းအရာ

အသက်မပြည့်သေးသူများနှင့်ပတ်သက်၍ ကာယပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ 

အသက်မပြည့်သေးသူများအား ကာယပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်စေသည့် အပြုအမူများတွင် ကာယပိုင်းဆိုင်ရာ နှိပ်စက်မှု၊ လစ်လျူရှုထားမှု၊ ကလေးအပေါ် အန္တရာယ်ကျရောက်စေမှုနှင့် စိတ်ပိုင်းဆိုင်ရာ ချိုးနှိုမ်မှုတို့ ပါဝင်ပါသည်။ ဤကဲ့သို့သော အကြောင်းအရာများကို ကျွန်ုပ်တို့၏ ပလက်ဖောင်းမှ ဖယ်ရှားပါသည်။ 

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • အသက်မပြည့်သေးသူများအား ကာယပိုင်းဆိုင်ရာ နှိပ်စက်မှု၊ လစ်လျူရှုထားမှု၊ အန္တရာယ်ကျရောက်စေမှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချိုးနှိုမ်မှုတို့ကို သရုပ်ဖော်သည့် သို့မဟုတ် အားပေးကူညီသည့် အကြောင်းအရာ

ကလေးများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ 

ကလေးများအပေါ် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ပြစ်မှုထင်ရှားတွေ့ရှိခဲ့သော အသုံးပြုသူများကို ကျွန်ုပ်တို့၏ ပလက်ဖောင်းတွင် အကောင့်ဖွင့်ခွင့် မပေးပါ။ ဤရာဇဝတ်မှုများတွင်- လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု၊ ဗလက္ကာယပြုမှု၊ လူသတ်မှု၊ ကာယပိုင်းဆိုင်ရာ နှိပ်စက်မှု သို့မဟုတ် လစ်လျူရှုမှု၊ လူခိုးမှု၊ မိဘထံမှ နိုင်ငံကူး ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ ပြည့်တန်ဆာပြုရန် အသက်မပြည့်သေးသူများအား အမြတ်ထုတ်မှု၊ အသက် မပြည့်သေးသူ တစ်ဦးအား လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်သည်ကို အွန်လိုင်းမှ တိုက်ရိုက်လွှင့်ခြင်း၊ ခရီးသွားခြင်း သို့မဟုတ် ခရီးလှည့်လည်ခြင်း အနေအထားတွင် အသက် မပြည့်သေးသူများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ CSAM နှင့် CSAM  ထုတ်လုပ်မှု၊ လက်ဝယ်ထားရှိမှု၊ သို့မဟုတ် ဖြန့်ချိမှုတို့ ပါဝင်ပါသည်။ ထိုကဲ့သို့သော အသုံးပြု သူတစ်ဦးကို တွေ့ရှိပါက ထိုအကောင့်ကို တားမြစ်ပိတ်ပင်ပါသည်။  အကောင့်ပိုင်ရှင်သည် ကလေးများအပေါ် ကာမစိတ် တိမ်းညွတ်သူ သို့မဟုတ် အသက်မပြည့်သူအပေါ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူဟု အကောင့်ပိုင်ရှင်က ထုတ်ဖော်ပြောဆို ထားသော မည်သည့်အချက်အလက်ကိုမဆို ပြောသည့်အတိုင်းအဓိပ္ပာယ်ကောက်ပြီး ထိုအကောင့်ကို ဖယ်ရှားပါမည်။


အန္တရာယ်ရှိသည့် အပြုအမူများနှင့် စိန်ခေါ်မှုများ  

ကြီးလေးသည့် ထိခိုက်မှု သို့မဟုတ် သေဆုံးမှု ဖြစ်စေနိုင်သည့် အန္တရာယ်ရှိသော လုပ်ဆောင်မှုများကို သရုပ်ပြခြင်း၊ အားပေးခြင်း၊ ပုံမှန်ဖြစ်စေခြင်း သို့မဟုတ် အမွှမ်းတင်ခြင်း ပါဝင်သည့် အကြောင်းအရာကို အသုံးပြုသူများအား မျှဝေခွင့် မပြုပါ။  ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များ၏ မည်သည့်အပိုင်းကို မဆို ချိုးဖောက်ရန် အန္တရာယ်ရှိသော သို့မဟုတ် ထိခိုက်သော လုပ်ဆောင်မှုများတွင် စုပေါင်းပါဝင်မှုကို အားပေးသော သို့မဟုတ် ထောက်ခံသော အကြောင်းအရာကိုလည်း ကျွန်ုပ်တို့ ခွင့်မပြုပါ။

ကျွမ်းကျင်ပညာရှင် မဟုတ်သည့် အနေအထား သို့မဟုတ် လိုအပ်သည့် ကျွမ်းကျင်မှုများနှင့် ဘေးကင်းရေး ကြိုတင်ကာကွယ်မှုများ မပါဘဲ လုပ်ဆောင်ပါက အသုံးပြုသူ သို့မဟုတ် အများပြည်သူအား ကြီးလေးသည့် ထိခိုက်မှု သို့မဟုတ် သေဆုံးမှု ဖြစ်စေနိုင်သည့် လုပ်ဆောင်မှုများကို အန္တရာယ်ရှိသည့် လုပ်ဆောင်မှုများ သို့မဟုတ် အခြားအန္တရာယ်ရှိသည့် အပြုအမူများဟု သတ်မှတ်ပါသည်။ ယင်းတွင် အပျော်တမ်း စွန့်စားမှုများ သို့မဟုတ် အန္တရာယ်ရှိသည့် စိန်ခေါ်မှုများ ပါဝင်ပါသည်။

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • အန္တရာယ်ရှိသည့် ကိရိယာများ သို့မဟုတ် အရာဝတ္ထုများအား မသင့်တော်သည့် ပုံစံဖြင့် အသုံးပြုရန် ဖြစ်နိုင်ခြေကို ပြသည့် အကြောင်းအရာ
  • အန္တရာယ်ရှိစွာ ကားမောင်းသည့် အပြုအမူကို ဖော်ပြသည့် အကြောင်းအရာ
  • စားသုံးရန် မသင့်တော်သည့်၊ ပြင်းထန်စွာထိခိုက်နိုင်သည့် အရာများကို စားသုံးခြင်းကို ဖော်ပြသော သို့မဟုတ် စားသုံးရန် အားပေးသော အကြောင်းအရာ
  • အန္တရာယ်ရှိသည့် လုပ်ဆောင်မှုတစ်ရပ် ပြုလုပ်ပုံကို ဖော်ပြသည့် သို့မဟုတ် အသေးစိတ် ညွှန်ကြားချက်များ ပေးသည့် အကြောင်းအရာ 
  • ထိခိုက်မှု သို့မဟုတ် ပိုင်ဆိုင်မှုကို ထိခိုက်ပျက်စီးစေနိုင်သည့် အန္တရာယ်ရှိသော ကစားပွဲများ၊ စိန်ခေါ်မှုများ သို့မဟုတ် စွန့်စားမှုများ


မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို ထိခိုက်နာကျင်စေမှုနှင့် မူမမှန်သည့် စားသောက်ပုံ

ကျွန်ုပ်တို့၏လူမှုအသိုင်းအဝိုင်းကိုဖွဲ့စည်းထားသည့် လူပုဂ္ဂိုလ်များ၏ကျန်းမာရေးနှင့်ကောင်းကျိုးကို ကျွန်ုပ်တို့ အလွန်အမင်း ဂရုစိုက်ပါသည်။ မိမိကိုယ်ကိုသေကြောင်းကြံခြင်း၊ မိမိကိုယ်ကို ထိခိုက်နာကျင်စေခြင်း၊ သို့မဟုတ် မူမမှန်သည့် စားသောက်ပုံတို့ကို ဖြစ်စေနိုင်သည့် လုပ်ဆောင်မှုများကို သရုပ်ပြခြင်း၊ အားပေးခြင်း၊ ပုံမှန်ဖြစ်စေခြင်း သို့မဟုတ် အမွှမ်းတင်ခြင်းတို့ ပါဝင်သည့်အကြောင်းအရာကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ သို့ရာတွင် ဤပြဿနာများနှင့်ပတ်သက်၍ အသိပညာတိုးမြှင့်ရန်နှင့် လူမှုအသိုင်းအဝိုင်း၏ပံ့ပိုးမှုရရှိရန်၊ ကျွန်ုပ်တို့၏ လူမှု အသိုင်းအဝိုင်းဝင်များမှ ၎င်းတို့ကိုယ်တိုင်၏ အတွေ့အကြုံများအား ဘေးကင်းသည့်နည်းဖြင့် မျှဝေခြင်းကို ကျွန်ုပ်တို့ အားပေးထောက်ခံပါသည်။  မိမိတို့ကိုယ်ကို သေကြောင်းကြံရန် သို့မဟုတ် ထိခိုက်နာကျင်စေရန် အတွေးများဖြင့် ရုန်းကန်နေသော လူပုဂ္ဂိုလ်များ၊ သို့မဟုတ် မိမိကိုယ်ကိုသေကြောင်းကြံရန် လေးလေးနက်နက် စဉ်းစားနေသော လူတစ်ဦးကို သိသည့်လူပုဂ္ဂိုလ်များကို ဒေသခံအရေးပေါ် ဝန်ဆောင်မှုများ သို့မဟုတ် မိမိကိုယ်ကိုသေကြောင်းကြံမှု ကာကွယ်ရေး အရေးပေါ်ဖုန်းလိုင်း  တို့ကို ချက်ချင်းဆက်သွယ်ရန် တိုက်တွန်းပါသည်။ မိမိကိုယ်ကို အန္တရာယ်ပြုရန် အလားအလာရှိနိုင်သော အသုံးပြုသူတစ်ဦးအား ကျွန်ုပ်တို့၏ ကြားဝင်ဆောင်ရွက်မှုဖြင့် အကူအညီပေးနိုင်မည့် အခါတွင် TikTok အဖွဲ့သည် ဒေသန္တရ အရေးပေါ် ဝန်ဆောင်မှုများဌာနကိုလည်း အသိပေးကောင်း အသိပေးပါမည်။

မိမိကိုယ်ကိုသေကြောင်းကြံခြင်းနှင့် မိမိကိုယ်ကို ထိခိုက်နာကျင်စေခြင်း

မိမိကိုယ်ကို သေကြောင်းကြံမှု၊ သေကြောင်းကြံရန် တွေးတောမှုကို သရုပ်ပြသည့်အကြောင်းအရာ သို့မဟုတ် မိမိကိုယ်ကို သေကြောင်းကြံစည်ရန် သို့မဟုတ် မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရစေရန် အားပေးသည့် အပြုအမူကို အားပေးနိုင်သည့် အကြောင်းအရာကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်။ သေကြောင်းကြံစည်ရန် ကြိုးပမ်းမှုကို သရုပ်ဖော်ပြသည့် အကြောင်းအရာ သို့မဟုတ် မိမိကိုယ်ကို သေစေခြင်း ဖြစ်ပေါ်စေနိုင်သည့် အပြုအမူကိုဖော်ပြသည့် အကြောင်းအရာကိုလည်း ကျွန်ုပ်တို့ ဖယ်ရှားပါသည်။  မိမိကိုယ်ကို သေကြောင်း ကြံစည်မှုကို အားပေးသည့်၊ ပုံမှန်ဖြစ်စေသည့် သို့မဟုတ် အမွှမ်းတင်သည့် အကြောင်းအရာ၊ သေကြောင်း ကြံစည်မှုအတွက် ညွှန်ကြားချက်များပေးသည့်၊ သို့မဟုတ် သေကြောင်းကြံစည်မှုတစ်ရပ်ကို အလွန်ရဲစွမ်းသတ္တိ ရှိသည်၊ သို့မဟုတ် ဂုဏ်သိက္ခာရှိသည်ဟု သရုပ်ဖော်ပြသည့် ပို့စ်များကို ကျွန်ုပ်တို့ တားမြစ်ပါသည်။ တိကျ၍ ယုံကြည်နိုင်လောက်ကာ ဖြစ်အံ့ဆဲဆဲဖြစ်သည့်၊ လက်တွေ့လောကမှ လူ့အသက်အပေါ် ခြိမ်းခြောက်မှု မည်သည့် အဖြစ်အပျက်မဆို ပါဝင်သည့် အခြေအနေများကို ဥပဒေကြီးကြပ်ရေး အာဏာပိုင်များထံ တိုင်ကြားနိုင်ပါသည်။

မိမိကိုယ်ကိုသေကြောင်း ကြံစည်မှု သို့မဟုတ် မိမိကိုယ်ကို ထိခိုက်စေသည့် နောက်ပြောင် လိမ်လည်မှုများကို တိုက်တွန်းသည့် သို့မဟုတ် အားပေးသည့် အကြောင်းအရာများကိုလည်း ခွင့်မပြုပါ။ ယင်းတွင် ကြောက်စိတ်မွှန်ခြင်းနှင့် အနှံ့အပြားအန္တရာယ်ဖြစ်စေနိုင်သည့် ထိတ်လန့်စရာကောင်းသော သတိပေးချက်များ ပါဝင်ပါသည်။ ကျွန်ုပ်တို့သည် ထိုကဲ့သို့ သတိပေးချက်များကို ဖယ်ရှား၍ ကြောက်စိတ်မွှန်နေခြင်း ပပျောက်စေပြီး ထိုကဲ့သို့သော နောက်ပြောင် လိမ်လည်မှုများအကြောင်း ဖော်ထုတ်သည့် တိကျသည့် သတင်းအချက်အလက်များကို အားပေးသည့် အကြောင်းအရာကို ခွင့်ပြုပါမည်။

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • မိမိကိုယ်ကို သေကြောင်းကြံစည်မှု သို့မဟုတ် မိမိကိုယ်ကို ထိခိုက်စေမှုကို သရုပ်ပြသည့်၊ အားပေးသည့်၊ ပုံမှန်ဖြစ်စေသည့် သို့မဟုတ် အမွှန်းတင်သည့် အကြောင်းအရာ
  • မိမိကိုယ်ကို သေကြောင်းကြံစည်ရန် သို့မဟုတ် မိမိကိုယ်ကို ထိခိုက်စေရန် ပြုလုပ်ပုံ ညွှန်ကြားချက်များပေးသည့် အကြောင်းအရာ
  • မိမိကိုယ်ကို သေကြောင်းကြံစည်မှု သို့မဟုတ် မိမိကိုယ်ကို ထိခိုက်စေမှု ကစားပွဲများ၊ စိန်ခေါ်ခြင်းများ၊ စိန်ခေါ်မှုများ၊ ကတိကဝတ်များ သို့မဟုတ် နောက်ပြောင်လိမ်လည်မှုများ

မူမမှန်သည့် စားသောက်ပုံ

ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်သည့် အပြုအမူ သို့မဟုတ် ကျန်းမာရေး ထိခိုက်စေနိုင်သည့် အကျင့်များကို အားပေးသည့် အကြောင်းအရာကို ဤပလက်ဖောင်းတွင် ခွင့်မပြုပါ။ ယင်းတွင် စားသောက်ပုံ မူမမှန်ခြင်းတစ်ရပ် ဖြစ်လိုသည့် ဆန္ဒကို ထုတ်ဖော်ခြင်း၊ မူမမှန်သည့် စားသောက်ပုံအတွက် အကြံပေးချက်များ ဝေငှခြင်း သို့မဟုတ် သင်ကြားပေးခြင်းနှင့် ကျန်းမာရေးနှင့် မညီညွတ်သည့် ကိုယ်ခန္ဓာ အတိုင်းအထွာ စိန်ခေါ်မှုများတွင် ပါဝင်ခြင်းတို့ ပါဝင်ပါသည်။

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • မူမမှန်သည့် စားသောက်ပုံကို သရုပ်ဖော်ပြသည့်၊ အားပေးသည့်၊ ပုံမှန်ဖြစ်စေသည့် သို့မဟုတ် အမွှန်းတင်သည့် အကြောင်းအရာ
  • မူမမှန်သည့် စားသောက်ပုံနှင့် ဆက်စပ်နေသည့် အန္တရာယ်ရှိသော ကိုယ်အလေးချိန် လျော့နည်းခြင်းကို သရုပ်ဖော်ပြသည့်၊ အားပေးသည့်၊ ပုံမှန်ဖြစ်စေသည့် သို့မဟုတ် အမွှန်းတင်သည့် အကြောင်းအရာ


အရွယ်ရောက်သူ အဖော်အချွတ်နှင့် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ 

ကျွန်ုပ်တို့သည် လက်ကမ်းကြိုဆိုမှုရှိပြီး ဘေးကင်းသည်ဟု ခံစားရသည့် ပလက်ဖောင်းတစ်ခု ဖန်တီးရန် ကြိုးပမ်းပါသည်။ အဖော်အချွတ်၊ ကာမရာဂစိတ်ဖြစ်စေရန် ရေးသားပြသမှု၊ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ကွက်ကွက်ကွင်းကွင်း ဖော်ပြသည့် အကြောင်းအရာများကို ကျွန်ုပ်တို့၏ ပလက်ဖောင်းတွင် ခွင့်မပြုပါ။ နှစ်ဦးသဘောတူ မဟုတ်သည့် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို သရုပ်ဖော်ပြခြင်းသို့မဟုတ် ထောက်ခံအားပေးခြင်း၊ နှစ်ဦးသဘောတူမဟုတ်သည့် မှောက်မှားနေသည့် ရုပ်ပုံများကို ဝေမျှခြင်းနှင့် အရွယ်ရောက်သူ လိင်ပိုင်းဆိုင်ရာ တောင်းခံမှုတို့ ပါဝင်သည့် အကြောင်းအရာကိုလည်း ကျွန်ုပ်တို့ တားမြစ်ပါသည်။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း 

အခြားသူတစ်ဦးအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းဖြင့် ငွေကြေးအရ၊ လူမှုရေးအရ၊ သို့မဟုတ် နိုင်ငံရေးအရ  အမြတ်ထုတ်ခြင်း အပါအဝင် လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက်၊ အားနည်းသည့်အနေအထားတစ်ရပ်၊ အခွင့်အာဏာ သို့မဟုတ် ယုံကြည်စိတ်ချမှုတစ်ရပ်ကို အမှန်တကယ်ပင် မတော်မတရားပြုခြင်း သို့မဟုတ် မတော်မတရား ပြုရန် ကြိုးပမ်းခြင်း တစ်ရပ်ရပ်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းဟု သတ်မှတ်ပါသည်။ ကျွန်ုပ်တို့သည် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းပါဝင်သည့် အကြောင်းအရာကို ခွင့်မပြုပါ။

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • နှစ်ဦးသဘောတူမဟုတ်သည့် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ သို့မဟုတ် မုဒိမ်းကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု အပါအဝင် နှစ်ဦးသဘောတူမဟုတ်သည့် တို့ထိခြင်းကို သရုပ်ဖော်သည်၊ တောင်းခံသည့်၊ အားပေးကူညီသည့်၊ ပုံမှန်ဖြစ်စေသည့် သို့မဟုတ် အမွှမ်းတင်သည့် အကြောင်းအရာ 
  • သဘောတူညီချက်မပါဘဲ ရိုက်ကူးထားသည့်၊ ဖန်တီးထားသည့်၊ သို့မဟုတ် မျှဝေထားသည့် လိင်ပိုင်းဆိုင်ရာ ရုပ်ပုံများ အပါအဝင် နှစ်ဦးသဘောတူမဟုတ်သည့် မှောက်မှားခြင်းပြုနေသော ရုပ်ပုံများကို မျှဝေခြင်းကို သရုပ်ဖော်သည့်၊ တောင်းခံသည့်၊ အားပေးကူညီသည့်၊ ပုံမှန်ဖြစ်စေသည့် သို့မဟုတ် အမွှမ်းတင်သည့် အကြောင်းအရာ
  • လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို သရုပ်ဖော်သည့်၊ တောင်းခံသည့်၊ အားပေးကူညီသည့်၊ ပုံမှန်ဖြစ်စေသည့် သို့မဟုတ် အမွှမ်းတင်သည့် အကြောင်းအရာ
  • လိင်ပိုင်းဆိုင်ရာအဖော်များ ကမ်းလှမ်းခြင်း သို့မဟုတ် တောင်းခံခြင်း၊ လိင်ပိုင်းဆိုင်ရာ ချက် (chat) များ သို့မဟုတ် ရုပ်ပုံများ၊ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုများ၊ အရည်အသွေးမြင့် လိင်ပိုင်းဆိုင်ရာအကြောင်းအရာ၊ သို့မဟုတ် လိင်ပိုင်းဆိုင်ရာလိမ်လည်မှု အပါအဝင် လိင်ပိုင်းဆိုင်ရာတောင်းခံမှုကို သရုပ်ဖော်သည့်၊ အားပေးကူညီသည့်၊ သို့မဟုတ် အမွှမ်းတင်သည့် အကြောင်းအရာ 

အဖော်အချွတ်နှင့် အရွယ်ရောက်သူများ ပါဝင်သည့် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှု 

အဖော်အချွတ်နှင့် လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွင် ရင်သားများ၊ လိင်အင်္ဂါများ၊ စအို၊ တင်သားတို့ကို လွန်ကဲစွာဖော်ပြထား သည့် အကြောင်းအရာ၊ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို တုပသည့်၊ ရည်ညွှန်းသည့်၊ သို့မဟုတ် ပြသသည့် အပြုအမူများ ပါဝင်ပါသည်။ ဒစ်ဂျစ်တယ်နည်းဖြင့် ဖန်တီးထားသော သို့မဟုတ် ကျွမ်းကျင်စွာ ကိုင်တွယ် ထားသော အကြောင်းအရာအပါအဝင် အဖော်အချွတ် သို့မဟုတ် လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုကို သရုပ်ဖော်ပြခြင်းကို ခွင့်မပြုပါ။ အကြောင်းအရာအချို့သည် အချို့သော ဒေသများတွင် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်၊ သို့မဟုတ် ယဉ်ကျေးမှုအရမသင့်တော်သည်၊ သို့မဟုတ် အသက်အရွယ်မရွေး အသုံးပြုသူများအတွက် သင့်တော်မှု ရှိကောင်းရှိမည်မဟုတ်သည်ကို ကျွန်ုပ်တို့ သတိရှိပါသည်။

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • လိင်အင်္ဂါအတွင်း ထိုးသွင်းမှုရှိသည့် လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုများနှင့် လိင်အင်္ဂါအတွင်း ထိုးသွင်းမှုမရှိသည့် လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုများ၊ ခံတွင်းနှင့်လိင်ဆက်ဆံခြင်း၊ သို့မဟုတ် ကာမရာဂနှိုးဆွသောနမ်းခြင်းတို့အပါအဝင် လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုများကို ပွင့်လင်းစွာ သို့မဟုတ် သွယ်ဝိုက်၍ သရုပ်ဖော်သည့် အကြောင်းအရာ
  • လိင်ပိုင်းဆိုင်ရာ ရာဂနှိုးဆွမှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကို သရုပ်ဖော်သည့် အကြောင်းအရာ
  • ကာမစိတ်နှိုးဆွသည့်အရာကို သရုပ်ဖော်သည့်အကြောင်းအရာ
  • လိင်အင်္ဂါ၊ တင်ပါးများ၊ ဆီးခုံနေရာ သို့မဟုတ် အမျိုးသမီးနို့သီးခေါင်းများ သရုပ်ဖော်သည့် အကြောင်းအရာ
  • လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုအတွက် လိင်ပိုင်းဆိုင်ရာ အသားပေးစကားအသုံးအနှုန်း ပါ၀င်သည့် အကြောင်းအရာ

 

အနိုင်ကျင့်ခြင်းနှင့် နှောက်ယှက်ခြင်း

ကျွန်ုပ်တို့သည် အများပါဝင်မှုရှိသော လူမှုအသိုင်းအဝိုင်းနှင့် ကြောက်ရွံ့ခြင်းမရှိဘဲ ကိုယ်ပိုင်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတို့ကို ယုံကြည်အားပေးပါသည်။ အသုံးပြုသူ လူမှုအသိုင်းအဝိုင်းဝင်များကို အရှက်ရစေခြင်း၊ အနိုင်ကျင့်ညှင်းပန်းခြင်း ၊ သို့မဟုတ် နှောက်ယှက်ခြင်းတို့ကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ အနိုင်ကျင့်၊ နှောက်ယှက်မှု ပါဝင်သည့် အကြောင်းအရာ သို့မဟုတ် အပြုအမူတို့သည် ပြင်းထန်စွာ စိတ်သောက ဖြစ်စေနိုင်ပြီး ၎င်းကို ကျွန်ုပ်တို့၏ ပလက်ဖောင်းမှ ဖယ်ရှားပါမည်။

အနိုင်ကျင့်သည့် အပြုအမူ 

ကျွန်ုပ်တို့သည် လူပုဂ္ဂိုလ်တစ်ဦးအား လှောင်ပြောင်ရန်၊ အရှက်ခွဲရန်၊ အရှက်ရစေရန်၊ ခြိမ်းခြောက်ရန်၊ သို့မဟုတ် နာကျင်စေရန် ရည်ရွယ်ချက်ဖြင့် ခြိမ်းချောက်မှုများ သို့မဟုတ် ဂုဏ်သိက္ခာကျဆင်းစေသည့် ပြောဆိုမှုများအပါအဝင် နှိပ်စက်မှုကို ထုတ်ဖော်ချက်များကို ဖယ်ရှားပါသည်။ ဤတားမြစ်ချက်သည် TikTok ၏ အင်္ဂါရပ်များကို အသုံးပြုခြင်းနှင့်လည်း သက်ဆိုင်ပါသည်။ အများအကျိုးပြုမည့် ကိစ္စရပ်များအား ထုတ်ဖော်ပြောဆိုခြင်းကို ထောက်ကူရန် အထင်ကရ ပုဂ္ဂိုလ်များ အပေါ် ဝေဖန်ချက်များကို ခွင့်ပြုကောင်းခွင့်ပြုနိုင်ပါသည်။ သို့ရာတွင် အထင်ကရပုဂ္ဂိုလ်များကို ပြင်းထန်စွာစော်ကားသည့် အပြုအမူကို တားမြစ်သည်။ 

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင် သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • အခြားပုဂ္ဂိုလ်တစ်ဦးအား အသိဉာဏ်၊ ရုပ်သွင်၊ ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ သို့မဟုတ် တစ်ကိုယ်ရေသန့်ရှင်းမှု ကဲ့သို့ ပင်ကိုအရည်အသွေးတို့ကို အခြေခံ၍ စော်ကားသည့်၊ သို့မဟုတ် ချိုးနှိမ်သည့် အကြောင်းအရာ
  • အချင်းချင်း ညှိနှိုင်း၍ပြုလုပ်သော၊ နှောင့်ယှက်မှုကိုအားပေးသည့် အကြောင်းအရာ
  • ရက်စက်ကြမ်းကြုတ်သော အဖြစ်ဆိုးဒဏ်ခံရသူများကို ချိုးနှိမ်သည့် အကြောင်းအရာ
  • အခြားသူများကို ချိုးနှိမ်ရန် (ဥပမာ "duet" ကဲ့သို့) TikTok ၏ အပြန်အလှန် ဆက်ဆံနိုင်သည့်အင်္ဂါရပ်များကို အသုံးပြုထားသည့် အကြောင်းအရာ  
  • အင်တာနက်တွင် လိုက်လံချောင်းမြောင်းခြင်း (cyberstalking) သို့မဟုတ် အင်တာနက်တွင် အငြင်းပွားဖွယ် ဝေဖန်မှုများ တမင်ပြုလုပ်ခြင်း (trolling) ကဲ့သို့ တမင်ထိခိုက်စေမှု သို့မဟုတ် ခြိမ်းခြောက်မှုကို သရုပ်ဖော်ပြသည့်အကြောင်းအရာ
  • လူပုဂ္ဂိုလ်တစ်ဦးအား သေစေလိုခြင်း၊ ပြင်းထန်စွာ ရောဂါဖြစ်ပွားစေလိုခြင်း၊ သို့မဟုတ် အခြားထိခိုက်စေလိုခြင်းပါဝင်သည့် အကြောင်းအရာ

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းတွင် အခြားပုဂ္ဂိုလ်တစ်ဦးအား ဦးတည်ထားသည့် မလိုလားသော သို့မဟုတ် မလျော်ကန်သော လိင်ပိုင်းဆိုင်ရာအပြုအမူ ပါဝင်ပါသည်။ အသုံးပြုသူ၏ ရည်ရွယ်ချက် မည်သို့ပင်ရှိသည် ဖြစ်စေ ကျွန်ုပ်တို့သည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို အမွှန်းတင်သည့်၊ ပုံမှန်ဖြစ်စေသည့် သို့မဟုတ် အားပေးသည့် အကြောင်းအရာကို ခွင့်မပြုပါ။

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • မလိုလားသော လိင်ပိုင်းဆိုင်ရာ အဆက်အသွယ်ပြုလုပ်ရန် ကြိုးပမ်းသည့် အကြောင်းအရာ 
  • အခြားသူတစ်ဦး၏ လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုကို ချိုးနှိမ်သည့် အကြောင်းအရာ 
  • နှုတ်ဖြင့်ဖြစ်စေ၊ (အီမိုဂျီအပါအဝင်) စာသားတွင်ဖြစ်စေ၊ ပါရှိနေသည့်အက်ပ် အင်္ဂါရပ်များမှ တစ်ဆင့်ဖြစ်စေ၊ အခြားသူတစ်ဦးနှင့် လိင်ပိုင်းဆိုင်ရာလုပ်ဆောင်မှုကို အတုယူသည့် အကြောင်းအရာ 
  • အခြားပုဂ္ဂိုလ်တစ်ဦး လိင်ပိုင်းဆိုင်ရာအရိပ်အမြွက်ပြခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွင် ပါဝင်နေခြင်းကို ဖော်ပြရန် သို့မဟုတ် စောင်းပါးရိပ်ခြေပြောရန် ထိုသူ၏ရုပ်ပုံကို ပြင်ထားသည့်၊ ပြောင်းလဲထားသည့် အကြောင်းအရာ
  • ဒစ်ဂျစ်တယ်အကြောင်းအရာ၊ လိင်ပိုင်းဆိုင်ရာသမိုင်းနှင့် ယခင်လိင်ပိုင်းဆိုင်ရာအဖော်တို့၏ အမည်များ အပါအဝင် လူတစ်ဦး၏ကိုယ်ရေးကိုယ်တာ လိင်ပိုင်းဆိုင်ရာဘဝ၏ အသေးစိတ်အချက်များကို ဖော်ထုတ်သည့် သို့မဟုတ် ဖော်ထုတ်ရန် ခြိမ်းခြောက်မှုသည့် အကြောင်းအရာ
  • လူတစ်ဦး၏ လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှုကို ၎င်း၏သဘောတူညီချက် မပါဘဲ ဖော်ပြခြင်း သို့မဟုတ် ဖော်ပြရန် ခြိမ်းခြောက်သည့် အကြောင်းအရာ

ဟက်ခ် (hack) လုပ်ရန်၊ ဒေါ့စ် (doxing) လုပ်ရန်နှင့် အကျပ်ကိုင်ရန် ခြိမ်းခြောက်မှုများ  

အခြားပုဂ္ဂိုလ်တစ်ဦးအားနှောင့်ယှက်ရန် သို့မဟုတ် အကျပ်ကိုင်ရန်ရည်ရွယ်ချက်ဖြင့် ခွင့်ပြုချက်မပါဘဲ ကွန်ပြူတာမှ အချက်အလက်များ ရယူရန် (ဟက်ခ်လုပ်ရန်) သို့မဟုတ် ဒေါ့စ် လုပ်ရန် ခြိမ်းခြောက်ခြင်းသည် ပြင်းထန်စွာ စိတ်သောက ရောက်စေနိုင်သည့်အပြင် အင်တာနက်၊ ကွန်ပြူတာတို့နှင့် မသက်ဆိုင်ဘဲ ထိခိုက်မှုများဖြစ်စေနိုင်ပါသည်။ ဆိုးယုတ်သည့် ရည်ရွယ်ချက်များဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်သည့် အချက်အလက်များ (PII) ကို စုဆောင်း၍ ထုတ်ပြန်သည့် လုပ်ဆောင်ချက်ကို ဒေါ့စ်လုပ်သည် (doxing) ဟု ကျွန်ုပ်တို့ သတ်မှတ်ပါသည်။ ဤအွန်လိုင်း အပြုအမူများကို မတော်မတရားပြုလုပ်သည့်ပုံစံများဟု ကျွန်ုပ်တို့ ယူဆပြီး ကျွန်ုပ်တို့၏ ပလက်ဖောင်းတွင် ခွင့်မပြုပါ။ 

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • လူတစ်ဦး၏နေရပ်လိပ်စာ၊ ကိုယ်ပိုင်အီးမေးလိပ်စာ၊ ကိုယ်ပိုင်ဖုန်းနံပါတ်၊ ဘဏ်စာရင်းရှင်းတမ်း၊ မှတ်ပုံတင် နံပါတ်၊ သို့မဟုတ်ပတ်စပို့နံပါတ်တို့အပါအဝင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ သို့မဟုတ် မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်နိုင်သည့်အချက်အလက်များ (PII) ကို ဖော်ထုတ်ရန် ခြိမ်းချောက်သည့် အကြောင်းအရာ 
  • အခြားသူတစ်ဦး၏ အကောင့်ကို အကျပ်ကိုင်ရန် သို့မဟုတ် ဟက်ခ်လုပ်ရန် ခြိမ်းခြောက်သည့် အကြောင်းအရာ
  • အခြားသူတစ်ဦး၏အကောင့်၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ သို့မဟုတ် မည်သူမည်ဝါ ဖြစ်ကြောင်း အချက်အလက် (PII) များကို ခွင့်ပြုချက်မရှိဘဲ ရယူရန် သို့မဟုတ် ဖော်ပြရန် အခြားသူများအား လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးခြင်း ပါဝင်သည့် အကြောင်းအရာ
  • အခြားသူများအနေဖြင့် တလွဲသုံးရန်၊ အင်တာနက်တွင် အငြင်းပွားဖွယ်ဝေဖန်မှုများကို တမင်ပြုလုပ်ရန်၊ သို့မဟုတ် နှောင့်ယှက်ရန်အတွက် အားပေးရန် လူတစ်ဦး၏အကောင့်၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်နိုင်သည့် အချက်အလက်များ

 

အမုန်းတရားပြည့်ဝသည့်အပြုအမူများ

TikTok သည် ခွဲခြားဆက်ဆံမှုကို လုံးဝသည်းမခံသည့်၊ အမျိုးမျိုးကွဲပြားခြားနားပြီး အများပါဝင်မှုရှိသော လူမှုအသိုင်း အဝိုင်းဖြစ်သည်။  အမုန်းတရားဟောပြောခြင်း ပါဝင်သည့် သို့မဟုတ် အမုန်းတရားပြည့်ဝသည့် အပြုအမူပါဝင်သည့် အကြောင်းအရာကို ကျွန်ုပ်တို့ ခွင့်မပြုသည့်အပြင် ကျွန်ုပ်တို့၏ပလက်ဖောင်းမှ ဖယ်ရှားပါသည်။ အမုန်းတရား ဟောပြောခြင်းဆိုင်ရာ ပြင်းထန်သည့် ချိုးဖောက်မှုများ သို့မဟုတ် အကြိမ်ကြိမ် ချိုးဖောက်မှုများ သို့မဟုတ် TikTok ပလက်ဖောင်းမှ အမုန်းတရား ဟောပြောခြင်းနှင့် ဆက်စပ်သည့် အကောင့်များနှင့်/သို့မဟုတ် အသုံးပြုသူများကို ပိတ်ပင်ပါသည်။

အကာအကွယ်ပေးထားသည့် ပင်ကိုအရည်အသွေးများကို အခြေခံ၍ တိုက်ခိုက်မှုများနှင့် အမနာပ ပြောဆိုချက်များ 

အကာအကွယ်ပေးထားသော အောက်ပါ ပင်ကိုအရည်အသွေးများကို အခြေခံ၍ လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လူတစ်စုအား တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်မှု လှုံ့ဆော်ခြင်း သို့မဟုတ် အခြားနည်းဖြင့် လူ့ဂုဏ်သိက္ခာကင်းမဲ့စေခြင်း ပြုသည့် အကြောင်းအရာကို အမုန်းတရားဟောပြောချက်ဟု ကျွန်ုပ်တို့ သတ်မှတ်ပါသည်-

  • လူမျိုး  
  • တိုင်းရင်းသားမျိုးနွယ်စု
  • မူရင်းနိုင်ငံ  
  • ကိုးကွယ်သည့်ဘာသာ
  • လူတန်းစားအလွှာ  
  • လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှု 
  • လိင်
  • အမျိုးသားအမျိုးသမီးဖြစ်မှု 
  • အမျိုးသားအမျိုးသမီးအဖြစ် ခံယူမှု 
  • ဆိုးရွားသည့်ရောဂါ 
  • မသန်စွမ်းမှု 
  • ရွှေ့ပြောင်းနေထိုင်မှု အနေအထား

အထက်တွင် အကာအကွယ်ပေးထားသော ပင်ကိုအရည်အသွေးများကို အခြေခံ၍ အုပ်စုတစ်စု သို့မဟုတ် လူပုဂ္ဂိုလ်များကို ချိုးဖဲ့ပြောဆိုရန် ရည်ရွယ်သည့် ရိုင်းစိုင်းသော ဝေါဟာရ အသုံးအနှုန်းများကို အမနာပပြောဆိုချက်များဟု သတ်မှတ်ပါသည်။ အထူးဆိုးရွားစွာ စော်ကားသော ဝေါဟာရအသုံးအနှုန်းများ ပြန့်ပွားခြင်းကို နည်းပါးစေရန်၊ ၎င်းဝေါဟာရတို့ကို မူလ ရည်ရွယ်ချက်မှ ပြောင်းလဲခြင်း၊ (ဥပမာ အကာအကွယ် ပေးထားသည် အုပ်စုဝင်များမှ) မိမိကိုယ်ကိုယ် ပြန်လည်ရည်ညွှန်း၍ အသုံးပြုခြင်း၊ သို့မဟုတ် (ဥပမာ ပညာရေး အနေအထားတွင်ကဲ့သို့) ချိုးဖဲ့ ပြောဆိုခြင်း မရှိသည့်အကြောင်းအရာများ မှအပ အခြားသော အမနာပစကားအားလုံးကို ကျွန်ုပ်တို့၏ ပလက်ဖောင်းမှ ဖယ်ရှားပါသည်။

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • ၎င်းတို့အပေါ် အကြမ်းဖက်မှု၊ ပယ်ထားမှု၊ ခွဲခြားထားမှု သို့မဟုတ် ခွဲခြားဆက်ဆံမှုကို အားပေးသည့် သို့မဟုတ် အကြောင်းပြသည့် အကြောင်းအရာ
  • မိမိကိုယ်ကိုယ် ပြန်လည်ရည်ညွှန်းခြင်း မဟုတ်သည့် အမနာပစကားများကို အသုံးပြုသည့် အကြောင်းအရာ
  • လိင်ပြောင်းလဲထားသူများ သို့မဟုတ် လိင်နှစ်မျိုးခံယူခြင်း မရှိသူများအား ပစ်မှတ်ထား၍ လိင်မှားယွင်း၍ သတ်မှတ်ခြင်း သို့မဟုတ် လိင်ပြောင်းထားသူအား ၎င်းအသုံးမပြုတော့သည့် အမည်နာမဖြင့် ခေါ်ယူသည့် အကြောင်းအရာ
  • အကာအကွယ်ပေးထားသည့် ပင်ကိုအရည်အသွေးတစ်ခုကို အခြေခံ၍ လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လူတစ်စုအပေါ် အန္တရာယ်ပြုနေခြင်းကို သရုပ်ဖော်သည့် အကြောင်းအရာ 

အမုန်းတရားပြည့်ဝနေသည့် သဘောတရား

အမုန်းတရားပြည့်ဝနေသည့်သဘောတရားများသည် လူတို့အားအကာအကွယ်ပေးထားသည့် ပင်ကိုအရည်အသွေးများကြောင့် ၎င်းတို့အပေါ် ရန်လိုမှုကို ရှင်းလင်းထင်ရှားစွာပြသသည့် သဘောတရားများဖြစ်သည်။ အမုန်းတရားနှင့်ပြည့်ဝနေသည့် သဘောတရားများသည် ကျွန်ုပ်တို့ပလက်ဖောင်းမှပေးထားသည့် အများပါဝင်မှုရှိပြီးပံ့ပိုးမှုရှိသည့် လူမှုအသိုင်းအဝိုင်း နှင့်သဟဇာတမဖြစ်သည့်အပြင်၊ ကျွန်ုပ်တို့သည် ၎င်းတို့ကိုအားပေးကူညီသည့်အကြောင်းအရာများကို ဖယ်ရှားပါသည်။

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • (ဥပမာ လူဖြူကြီးစိုးမှု၊ အမျိုးသမီးမုန်းတီးရေး၊ LGBTQ ဆန့်ကျင်ရေး၊ ဂျူးမုန်းတီးရေး၀ါဒကဲ့သို့) အမုန်းတရားပြည့်၀သည့် သဘောတရားများကို ချီးမွမ်းသည့်၊ အားပေးသည့်၊ အမွှန်းတင်သည့် သို့မဟုတ် ပံ့ပိုးသည့် အကြောင်းအရာ 
  • အမုန်းတရားနှင့်ပြည့်ဝနေသည့် သဘောတရားတစ်ရပ်နှင့် ဆက်နွှယ်နေသည့် အမည်များ၊ သင်္ကေတများ၊ တံဆိပ်များ၊ အလံများ၊ ကြွေးကြော်သံများ၊ ဝတ်စုံများ၊ လက်ဟန်များ၊ အလေးပြုခြင်းများ၊ ရုပ်ပုံထည့်သွင်းဖော်ပြခြင်းများ၊ ပုံတူများ၊ သီချင်းများ၊ တေးဂီတ၊ သီချင်းစာသားများ သို့မဟုတ် အခြားအရာဝတ္ထုများ ပါရှိသည့် အကြောင်းအရာ
  • လိင်တူဆက်ဆံခြင်းကို ပြောင်းလဲရန်ကုသခြင်း သို့မဟုတ် ၎င်းနှင့်ဆက်စပ်သည့် အစီအစဉ်ကို အားပေး၊ ပံ့ပိုး သို့မဟုတ် ကြော်ငြာသည့် အကြောင်းအရာ
  • အကာအကွယ်ပေးထားသည့် ပင်ကိုအရည်အသွေးများရှိသည့် အုပ်စုများအပေါ် သက်ရောက်မှုရှိသည့်၊ ကောင်းမွန်စွာ မှတ်တမ်းတင်ထားပြီး အကြမ်းဖက်သည့်၊ အဖြစ်အပျက်များကို ငြင်းပယ်သည့် (ဥပမာ ဂျူးလူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်ခြင်းကို ငြင်းဆိုခြင်းကဲ့သို့) အကြောင်းအရာ
  • အခြားအကာအကွယ်ပေးထားသော ပင်ကိုအရည်အသွေးများနှင့်ပတ်သက်၍ လူတစ်စုအပေါ် သာလွန်ကြီးစိုးမှု ရှိသည်ဟု အခိုင်အမာ ပြောဆိုချက်များ
  • အမုန်းတရားပြည့်ဝနေသည့် သဘောတရားများကို ရှင်းချက်ထုတ်ရန် အသုံးပြုသည့် ပူးပေါင်းကြံစည်မှု သီအိုရီများ


အကြမ်းဖက် အစွန်းရောက်ဝါဒ

TikTok ၌ ဖြစ်စေ အခြားနေရာ၌ဖြစ်စေ အကြမ်းဖက်မှု ဖြစ်စေခြင်းကို ကျွန်ုပ်တို့ ခိုင်ခိုင်မာမာဆန့်ကျင်ပါသည်။ ကျွန်ုပ်တို့၏ပလက်ဖောင်းကို အသုံးပြု၍  ခြိမ်းခြောက်ခြင်း သို့မဟုတ် အကြမ်းဖက်မှု လှုံ့ဆော်ခြင်း၊ သို့မဟုတ် အစွန်းရောက်အကြမ်းဖက် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ သို့မဟုတ် လုပ်ဆောင်ချက်များကို အားပေးခြင်းကို ခွင့်မပြုပါ။ အများပြည်သူလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုရှိသောအခါ သို့မဟုတ် ပလက်ဖောင်းမှမဟုတ်ဘဲ အခြားတစ်နေရာတွင် အကြမ်းဖက်မှုကို ထောက်ကူအားပေးရန် သို့မဟုတ် အမွှမ်းတင်ရန် အကောင့်တစ်ခုကို အသုံးပြုသည့်အခါ ကျွန်ုပ်တို့သည် ထိုအကောင့်ကို ရပ်ဆိုင်းခြင်း သို့မဟုတ် တားမြစ်ပိတ်ပင်ခြင်း ပြုပါသည်။ အကြောင်းခိုင်လုံသည့်အခါ ကျွန်ုပ်တို့သည် ခြိမ်းခြောက်မှုများကို သက်ဆိုင်ရာ တရားဥပဒေရေးရာ အာဏာပိုင်များထံ တိုင်ကြားပါမည်။ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းကို ထိရောက်စွာကာကွယ်ရန်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ပလက်ဖောင်းရှိ အကြမ်းဖက် အစွန်းရောက် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ဖော်ထုတ်ဖို့ ပလက်ဖောင်းတွင် မရှိချိန် အပြုအမူကို ထည့်သွင်းစဉ်းစားကောင်း စဉ်းစားပါမည်။ ထိုကဲ့သို့သော အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များကို တွေ့ရှိပါက ၎င်းတို့၏ အကောင့်များကို ပိတ်ပါမည်။

ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်မှု လှုံ့ဆော်ခြင်း

အခြားသူများအားအကြမ်းဖက်မှုကျူးလွန်စေရန် ထောက်ခံပြောဆိုခြင်း၊ ညွှန်ကြားခြင်း၊ သို့မဟုတ် အားပေးတိုက်တွန်းခြင်း များကို ကျွန်ုပ်တို့သည် အကြမ်းဖက်မှု ကျူးလွန်ရန် လှုံ့ဆော်ခြင်းဟု ယူဆပါသည်။ ဆိုးရွားသည့် ကိုယ်ခန္ဓာထိခိုက်မှု ဖြစ်ပေါ်စေနိုင်သည့် အကြမ်းဖက်မှုဖြင့် ခြိမ်းခြောက်ခြင်း သို့မဟုတ် အကြမ်းဖက်မှု လှုံ့ဆော်ခြင်းတို့ကို ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်တွင် ခွင့်မပြုပါ။ 

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လူတစ်စုအား ကိုယ်ခန္ဓာထိခိုက်ဒဏ်ရာ ရအောင်ပြုလုပ်ရန် ရည်ရွယ်ချက်အကြောင်း ကြေညာချက်များ
  • အခြားသူများအား ကိုယ်ခန္ဓာအကြမ်းဖက်မှု ကျူးလွန်ရန် အားပေးတိုက်တွန်းသည့် သို့မဟုတ် ထောက်ခံပြောဆိုသည့် ကြေညာချက် သို့မဟုတ် ရုပ်ပုံ
  • အခြားသူများအား အကြမ်းဖက်မှုကျူးလွန်ရန် အားပေးတိုက်တွန်းသည့်၊ အခြေအနေတစ်ရပ်ကို ဦးတည်သော ကြေညာချက်များ သို့မဟုတ် ပြင်းပြသောဆန္ဒ ကြေညာချက်များ
  • လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လူတစ်စုအား ကြောက်လန့်စေရန် သို့မဟုတ် ခြိမ်းခြောက်ရန် ရည်ရွယ်ချက်ဖြင့် တည်နေရာတစ်ခုသို့ လက်နက်များ ယူဆောင်လာရန် ဆင့်ခေါ်ခြင်းများ
  • အကြမ်းဖက်မှုလှုံ့ဆော်ရန် ရည်ရွယ်ချက်ဖြင့် လက်နက်များ ပြုလုပ်ပုံ သို့မဟုတ် အသုံးပြုပုံ သင်ကြားပို့ချမှုများ

 

အကြမ်းဖက် အစွန်းရောက် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ

အကြမ်းဖက်အဖွဲ့အစည်းများ၊ အမုန်းပွားစေရန် စနစ်တကျဖွဲ့စည်းထားသည့်အုပ်စုများ၊ ရာဇဝတ် အဖွဲ့အစည်းများနှင့် အရပ်သားများကို ပစ်မှတ်ထားသည့် အစိုးရမဟုတ်သော လက်နက်ကိုင်အုပ်စုများ အပါအဝင်၊ အကြမ်းဖက်မှုကို အားပေးသည့် သို့မဟုတ် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂိုလ်များကို ကျွန်ုပ်တို့၏ ပလက်ဖောင်းတွင် ခွင့်မပြုပါ။ 

အကြမ်းဖက် အဖွဲ့အစည်းများ 

အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့အစည်းများသည် အကြမ်းဖက်မှုဖြင့် ခြိမ်းခြောက် ခြင်း၊ အကြမ်းဖက်ခြင်း  နှင့်/သို့မဟုတ် နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသား သို့မဟုတ် အတွေးအခေါ် သဘောတရားဆိုင်ရာ ရည်မှန်းချက်များ လိုက်စားရာမှ (လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကဲ့သို့) အရပ်သားလူထုအပေါ် ဆိုးရွားသည့် ရာဇဝတ်မှုများ ကျူးလွန်သော အစိုးရမဟုတ်သည့် သူများနှင့် အဖွဲ့အစည်းများဖြစ်သည်။

အမုန်းပွားစေရန် စနစ်တကျဖွဲ့စည်းထားသည့် အုပ်စုများ

လူမျိုး၊ တိုင်းရင်းသား၊ မူရင်းနိုင်ငံ၊ ကိုးကွယ်သည့်ဘာသာ၊ လူတန်းလွှာ၊ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှု၊ လိင်၊ အမျိုးသားအမျိုးသမီးဖြစ်မှု၊ အမျိုးသားအမျိုးသမီးအဖြစ် ခံယူမှု၊ သို့မဟုတ် ရွှေ့ပြောင်းနေထိုင်မှု အနေအထားကဲ့သို့ အကာအကွယ်ပေးထားသည့် လက္ခဏာများအပေါ် အခြေခံ၍ လူတို့အား တိုက်ခိုက်သည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ရည်ညွှန်းရန် "စနစ်တကျဖွဲ့စည်းထားသည့် မုန်းတီးမှု" ဟူသည့် ဝေါဟာရကို ကျွန်ုပ်တို့ အသုံးပြုပါသည်။ တိုက်ခိုက်မှုများအထဲတွင် အကြမ်းဖက်မှု သို့မဟုတ် အမုန်းတရားလှုံ့ဆော်သည့်၊ လူပုဂ္ဂိုလ်များ သို့မဟုတ် အုပ်စုများကို လူ့ဂုဏ်သိက္ခာ ကင်းမဲ့စေရန် ရည်ရွယ်သည့်၊ သို့မဟုတ် အမုန်းတရားနှင့် ပြည့်ဝနေသည့် အတွေးအခေါ်သဘောတရားကို လက်ခံယုံကြည်သည့် လုပ်ဆောင်ချက်များ ပါဝင်သည်ဟု ကျွန်ုပ်တို့ ယူဆပါသည်။

ရာဇဝတ်အဖွဲ့အစည်းများ 

ရာဇဝတ်အဖွဲ့အစည်းများသည် (ဥပမာ လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ တိုက်ခိုက်မှုကဲ့သို့) အကြမ်းဖက်သည့် ရာဇဝတ်မှုများ၊ (ဥပမာ လူသား၊ ကိုယ်အင်္ဂါ၊ မူးယစ်ဆေးဝါး၊ လက်နက်များ) ကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ (ဥပမာ ခြိမ်းခြောက်၍ ငွေညှစ်ခြင်း၊ နှုတ်ပိတ်ခငွေ၊ လိမ်လည်မှု၊ ငွေမည်းခဝါချခြင်းကဲ့သို့) ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများ၊ သို့မဟုတ် ဆိုက်ဘာ ပြစ်မှုတို့အပါအဝင် ဆိုးရွားသည့် ရာဇဝတ်မှုများတွင် ပါဝင် ပတ်သက်ခဲ့သည့် နိုင်ငံတကာ၊ ပြည်တွင်း သို့မဟုတ် ဒေသခံ အုပ်စုများ ဖြစ်သည်။

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • အကြမ်းဖက်လုပ်ရပ်များ သို့မဟုတ် အစွန်းရောက် အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များအား ချီးမွမ်းသည့်၊ အားပေးသည့်၊ အမွှမ်းတင်သည့် သို့မဟုတ် ထောက်ခံသည့် အကြောင်းအရာ
  • အကြမ်းဖက် အစွန်းရောက် အဖွဲ့အစည်းများ၌ ပါဝင်ရန်အားပေးတိုက်တွန်းသည့်၊ သို့မဟုတ် လူပုဂ္ဂိုလ်သစ်များအား စုဆောင်းရန် ရည်ရွယ်သည့် အကြောင်းအရာ
  • အကြမ်းဖက်သည့် အစွန်းရောက် အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂိုလ်များကို ကိုယ်စားပြုရန် ရည်ရွယ်သည့် အမည်များ၊ သင်္ကေတများ၊ တံဆိပ်များ၊ အလံများ၊ ကြွေးကြော်သံများ၊ ဝတ်စုံများ၊ လက်ဟန်များ၊ အလေးပြုခြင်းများ၊ ရုပ်ပုံ ထည့်သွင်းဖော်ပြခြင်းများ၊ ပုံတူများ၊ သီချင်းများ၊ တေးဂီတ၊ သီချင်းစာသားများ သို့မဟုတ် အခြားအရာဝတ္ထုများ ပါရှိသည့် အကြောင်းအရာ

 

ဖြောင့်မတ်မှန်ကန်မှု နှင့် တိကျစစ်မှန်မှု

လူမှုအသိုင်းအဝိုင်း၏အခြေခံအုတ်မြစ်ကို ယုံကြည်စိတ်ချရမှုဖြင့်တည်ဆောက်ထားသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ကျွန်ုပ်တို့ပလက်ဖောင်း၏ ဖြောင့်မတ်မှန်ကန်မှု သို့မဟုတ် ကျွန်ုပ်တို့၏ အသုံးပြုသူများ၏ စစ်မှန်မှုကို ထိပါးစေသည့် လုပ်ဆောင်ချက်များကို ခွင့်မပြုပါ။ လူအများအပြားအား အင်တာနက်မှနေ၍ သက်ဆိုင်မှုမရှိသော သို့မဟုတ် မလျော်ကန် သော စာတိုများကိုပေးပို့ခြင်း (spam) သို့မဟုတ် အတုအယောင် စိတ်ပါဝင်စားမှု (fake engagement)၊ အခြားသူတစ်ဦး အဖြစ်ဟန်ဆောင်ခြင်း၊ ကြီးမားသော ထိခိုက်မှု ဖြစ်စေသည့် အထင်အမြင်မှားစေသောအချက်အလက်များ ပါဝင်သည့် အကြောင်းအရာ သို့မဟုတ် အကောင့်များကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်။

လူအများအပြားအား အင်တာနက်မှနေ၍ သက်ဆိုင်မှုမရှိသော သို့မဟုတ် မလျော်ကန်သော စာတိုများကို ပေးပို့ခြင်း (spam) နှင့် အတုအယောင် စိတ်ပါဝင်စားမှု (fake engagement)

စိတ်ပါဝင်စားမှု အတုအယောင်တွင် ပလက်ဖောင်း၌လူကြိုက်များမှုကို အစစ်အမှန်မဟုတ်ဘဲ ချဲ့ကားရန် ကြိုးပမ်းသည့် မည်သည့်အကြောင်းအရာ သို့မဟုတ် လုပ်ဆောင်ချက်မဆို ပါဝင်ပါသည်။ ဆက်ဆံရေး တိုင်းတာမှုများကို တိုးမြင့်စေရန်  ဤပလက်ဖောင်းကို ခြယ်လှယ်ရန် မည်သည့်ကြိုးပမ်းမှုကိုမဆို ကျွန်ုပ်တို့ တားမြစ်ပါသည်။   

အောက်ပါတို့ကို မပြုလုပ်ရ-

  • ကြည့်ရှုမှုများ၊ နှစ်သက်မှုများ၊ လိုက်လံမှုများ၊ ဝေမျှမှုများ သို့မဟုတ် မှတ်ချက်များကို ဟန်ဆောင်၍ မည်သို့ချဲ့ကား ရသည်ကို သင်ကြားပို့ချချက်များကို ဝေမျှခြင်း
  • ကြည့်ရှုမှုများ၊ နှစ်သက်မှုများ၊ လိုက်လံမှုများ၊ ဝေမျှမှုများ သို့မဟုတ် မှတ်ချက်များကို ရောင်းချခြင်း သို့မဟုတ် ဝယ်ယူခြင်း၌ ပါဝင်မှု
  • သင်၏တင်သွင်းချက်ကို ကြည့်ရှုမှုများကို အစစ်အမှန်မဟုတ်ဘဲ တိုးမြင့်စေသည့် ဝန်ဆောင်မှုများကို အားပေးမှု
  • လူအများအပြားကို စီးပွားရေးအရ စာတိုများဖြန့်ဝေရန် လိမ်ညာ၍ သို့မဟုတ် အယောင်ဆောင်၍ TikTok အကောင့် အမျိုးမျိုး ထားရှိခြင်း
  • ကြည့်ရှုမှုများ၊ နှစ်သက်မှုများ၊ လိုက်လံမှုများ၊ မျှဝေမှုများ သို့မဟုတ် မှတ်ချက်များ အတုအယောင် တိုးပွားစေရန် အန္တရာယ်ရှိသောဆော့ဖ်ဝဲ ဖန်တီးခြင်း သို့မဟုတ် ကုဒ်ကို ပြင်ဆင်ခြင်း

သူတပါး အယောင်ဆောင်ခြင်း

အခြားသူတစ်ဦးအဖြစ် သို့မဟုတ် အခြားအဖွဲ့အစည်းအဖြစ် လှည့်ဖြားသည့်ပုံစံဖြင့် ဟန်ဆောင်သည့် အကောင့်များကို ကျွန်ုပ်တို့ ခွင့်မပြုပါ။  အယောင်ဆောင်ခြင်းအပေါ် တိုင်ကြားချက်တစ်ရပ်ကို ကျွန်ုပ်တို့ အတည်ပြုသည့်အခါ ထိုအသုံးပြုသူကို ၎င်း၏လူမှုရေးဆိုင်ရာ လက္ခဏာအချက်အလက်များကို ပြင်ဆင် ရေးသားစေခြင်း သို့မဟုတ် ၎င်း၏အကောင့်ကို တားမြစ်ခြင်း ပြုလုပ်ကောင်း ပြုလုပ်ပါမည်။ အသုံးပြုသူအမည်တွင် ယင်းသည် အားပေးသူ၊ ရှင်းလင်းဝေဖန်ချက်၊ သို့မဟုတ် သူတစ်ပါး၏ ပြောဟန်၊ ရေးဟန်ကို ပြက်လုံး ထုတ်သည့် အကောင့်ဖြစ်ပြီး ဤအကောင့်တွင် ဖော်ပြထားသော ပုဂ္ဂိုလ်နှင့်ဆက်စပ်ခြင်းမရှိကြောင်း ဖော်ပြထားသည့်အခါကဲ့သို့၊  ပြက်လုံးထုတ်ခြင်း၊ ရှင်းလင်းဝေဖန်ချက်ရေးခြင်း သို့မဟုတ် အားပေးသူအခြေပြု ဖြစ်ကြောင်း ထင်ရှားသည့် အကောင့်များကို ကျွန်ုပ်တို့ ခွင့်ပြုပါသည်။

အောက်ပါတို့ကို မပြုရ- 

  • သူတစ်ပါး၏အမည်၊ ၎င်း၏အတ္ထုပ္ပတိဆိုင်ရာ အသေးစိတ်အချက်အလက်များ၊ သို့မဟုတ် ၎င်း၏ပရိုဖိုင်း ဓာတ်ပုံကို  လိမ်ညာသည့်သဘောဖြင့် အသုံးပြုခြင်းဖြင့် အခြားသူတစ်ဦး သို့မဟုတ် အဖွဲ့အစည်း အဖြစ် ဟန်ဆောင်ခြင်း

ထိခိုက်မှုကြီးစေသည့်သတင်းအချက်အလက်မှား

တိကျမှန်ကန်မှုမရှိသောအကြောင်းအရာကို သတင်းမှားပေးချက်ဟု သတ်မှတ်ပါသည်။ လူပုဂ္ဂိုလ်များ၊ ကျွန်ုပ်တို့၏လူမှုအသိုင်းအဝိုင်း၊ သို့မဟုတ် ပိုမိုကျယ်ပြန့်သော အများပြည်သူကို ကြီးလေးစွာ ထိခိုက်စေသည့် သတင်းအမှားပေးချက်ကို ၎င်းတို့၏ ရည်ရွယ်ချက် မည်သို့ပင်ရှိသည်ဖြစ်စေ ကျွန်ုပ်တို့ ဖယ်ရှားပါမည်။ ကြီးလေးသည့် ထိခိုက်မှုတွင် ကိုယ်ကာယ ကြီးလေးစွာထိခိုက်ဒဏ်ရာရခြင်း၊ ဖျားနာခြင်း သို့မဟုတ် သေဆုံးခြင်း၊ ကြီးလေးသည့် စိတ်သောက၊ ပိုင်ဆိုင်မှု အကြီးအကျယ် ထိခိုက်ပျက်စီးခြင်းနှင့် အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရများ၊ ရွေးကောက်ပွဲများနှင့် သိပ္ပံပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများအပေါ် အများပြည်သူ ယုံကြည်စိတ်ချမှု လျော့ပါးစေခြင်းတို့ ပါဝင်ပါသည်။ ယင်းတွင် ရိုးရိုး မတိကျသည့် သတင်းအချက်အလက်များ၊ ဒဏ္ဍာရီများ၊ သို့မဟုတ် စီးပွားရေးဆိုင်ရာ သို့မဟုတ် ဂုဏ်သတင်းဆိုင်ရာ ထိခိုက်မှုတို့ မပါဝင်ပါ။

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • အမုန်းတရား သို့မဟုတ် အခြေအမြစ်မရှိသော အစွဲအလမ်းကို လှုံ့ဆော်သည့် သတင်းမှားပေးချက်
  • ကြောက်စိတ်မွှန်စေသော အရေးပေါ်အခြေအနေများနှင့် ဆက်နွှယ်သည့် သတင်းမှားပေးချက်
  • လူတစ်ဦး၏ ကာယကျန်းမာရေးကို ထိခိုက်စေသည့် ဆေးဝါးကုသမှုဆိုင်ရာ သတင်းမှားပေးချက်
  • လူမှုအသိုင်းအဝိုင်းဝင်များအား ရွေးကောက်ပွဲ သို့မဟုတ် နိုင်ငံသားနှင့်ဆိုင်သော အခြားဖြစ်စဉ်များ အကြောင်း သတင်းမှားပေးသည့် အကြောင်းအရာ
  • လူအတိအကျတစ်ဦး သို့မဟုတ် အထူးအကာအကွယ်ပေးထားသောလူတစ်စုကို တိုက်ခိုက်သည့်၊ သို့မဟုတ် အကြမ်းဖက်ရန် လှုံ့ဆော်သည့်၊ သို့မဟုတ် အကြမ်းဖက်သည့် သို့မဟုတ် ဝမ်းနည်းစရာ ကောင်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့သည်ကို ငြင်းဆိုသည့် အကြောင်းအရာ ပါဝင်သော တိုးတိုးကျိတ်ကျိတ် ပူးပေါင်းကြံစည်သော အကြောင်းအရာ
  • အဖြစ်မှန်များကို မမှန်မကန်ပြောဆိုခြင်းဖြင့် ဗီဒီယိုရိုက်ကူးခံရသူ၊ အခြားသူများ၊ သို့မဟုတ် လူမှုအဖွဲ့အစည်းကို ကြီးလေးစွာ ထိခိုက်စေပြီး အသုံးပြုသူများကို လှည့်စားသည့် (မီဒီယာအတု သို့မဟုတ် ပြောင်းလဲထားသည့် မီဒီယာကဲ့သို့) ဒစ်ဂျစ်တယ်အတုအပပြုလုပ်ခြင်းများ

အောက်ပါတို့ကို မပြုရ-

  • သြဇာလွှမ်းမိုးမှုကို အသုံးချရန်နှင့် အများပြည်သူ၏ သဘောထားကို ယိမ်းယိုင်စေရန်အတွက်၊ လူပုဂ္ဂိုလ်များ၊ ကျွန်ုပ်တို့၏လူမှုအသိုင်းအဝိုင်း သို့မဟုတ် ကျွန်ုပ်တို့၏စနစ်တို့ကို အကောင့်ပိုင်ရှင် မည်သူမည်ဝါဖြစ်ကြောင်း၊ တည်နေရာ၊ ဆက်ဆံရေးများ၊ လူကြိုက်များခြင်း၊ သို့မဟုတ် ရည်ရွယ်ချက် အကြောင်း လိမ်ညာလျက် အကောင့်တစ်ခုထက်ပို၍ ဖန်တီးခြင်းကဲ့သို့ စစ်မှန်ခြင်းမရှိသည့် ညှိနှိုင်းထားသော အပြုအမူ ပြုမူခြင်း

 

တရားမဝင်သည့်ဆောင်ရွက်ချက်များနှင့် ကန့်သတ်ထိန်းချုပ်ထားသည့် ကုန်ပစ္စည်းများ

TikTok သည် ဥပဒေများ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများချိုးဖောက်သည့် ဆောင်ရွက်ချက်များကို ထောက်ကူခြင်း မရှိကြောင်း သေချာစေရန် ကျွန်ုပ်တို့ ဆောင်ရွက်ပါသည်။ ထိန်းချုပ်ထားသည့် ကုန်ပစ္စည်း အချို့ကို လဲလှယ်ရောင်းချခြင်း၊ မြှင့်တင်ခြင်းနှင့် အသုံးပြုခြင်းတို့အပြင် လူသားအပေါ် ခေါင်းပုံဖြတ်ခြင်း အပါအဝင် ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုများကို အားပေးကူညီခြင်း သို့မဟုတ် ဖြစ်မြောက်အောင် ဆောင်ရွက်ပေးခြင်းတို့ကို ကျွန်ုပ်တို့ တားမြစ်ပါသည်။ အကြောင်းအရာသည် ဤဒေသ၏နေရာအများစု သို့မဟုတ် ကမ္ဘာ့နေရာအများစု၌ ထိန်းချုပ်ထားသည့် သို့မဟုတ် တရားမဝင်သည့်လှုပ်ရှားမှုများ သို့မဟုတ် ကုန်ပစ္စည်းများနှင့်သက်ဆိုင်ပါက၊ ထိုအကြောင်းအရာကို ဖယ်ရှားနိုင်ပါသည်။

ပြစ်မှုဆိုင်ရာ လှုပ်ရှားမှုများ

ပြစ်မှုဆိုင်ရာ လှုပ်ရှားမှုများတွင် ခိုးမှု၊ လက်ရောက်မှု၊ လူတို့ကို ခေါင်းပုံဖြတ်မှု၊ ငွေတုပြုလုပ်မှုနှင့် အခြားအန္တရာယ်ရှိသည့် အပြုအမူများ အပါအဝင် ဥပဒေအရ အပြစ်ပေးနိုင်သည့်လုပ်ဆောင်ချက်အမျိုးမျိုး အကျုံးဝင်ပါသည်။ ဤကဲ့သို့သော အပြုအမူကို ပုံမှန်ဖြစ်သွားစေခြင်း၊ အတုခိုးခံရခြင်း၊ သို့မဟုတ် ဖြစ်မြောက်အောင် ဆောင်ရွက်ပေးခြင်းတို့မှ တားဆီးရန်၊ ကျွန်ုပ်တို့သည် ပြစ်မှုဆိုင်ရာလှုပ်ရှားမှုများကို အားပေးကူညီသည့် သို့မဟုတ် ဖြစ်မြောက်စေသည့် အကြောင်းအရာကို ဖယ်ရှားပါသည်။

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • လက်ရောက်မှု သို့မဟုတ် ပြန်ပေးဆွဲမှုတို့ကဲ့သို့ ကိုယ်ခန္ဓာထိခိုက်စေသည့်လုပ်ဆောင်ချက်များကို အားပေးသည့် အကြောင်းအရာ
  • ရဲနှင့်အရေးပေါ်ဝန်ဆောင်မှုတို့ကို အခြားသူတစ်ဦး၏လိပ်စာသို့ပို့ရန် အရေးပေါ်ဝန်ဆောင်မှုဌာနကို လိမ်ညာ၍ နှောင့်ယှက်ခြင်းအပါအဝင် အခြားသူများ၏ဘေးကင်းမှုအပေါ် အန္တရာယ်ဖြစ်စေသည့် အကြောင်းအရာ
  • မှောင်ခိုလူကုန်ကူးခြင်း၊ အကြွေးဖြင့် ချုပ်နှောင်ခြင်း၊ အိမ်ကျွန်ပြုမှု၊ လိင်ကုန်ကူးခြင်း သို့မဟုတ် ပြည့်တန်ဆာပြုခြင်းအပါအဝင် လူတို့ကို ခေါင်းပုံဖြတ်ခြင်းကို အားပေးသည့် အကြောင်းအရာ
  • ပိုင်ဆိုင်မှုကို လက်သရမ်းဖျက်ဆီးခြင်း သို့မဟုတ် ထိခိုက်ပျက်စီးစေခြင်းကို အားပေးသည့် အကြောင်းအရာ 
  • တောရိုင်းတိစ္ဆာန်များအား တရားမဝင် အမဲလိုက်ခြင်း သို့မဟုတ် တရားမဝင်ကုန်သွယ်ခြင်းကို အားပေးသည့် အကြောင်းအရာ
  • တရားမဝင်ရရှိထားသည့်ကုန်ပစ္စည်းများ သို့မဟုတ် ကုန်ပစ္စည်းအတုများကို ဝယ်ယူရန်၊ ရောင်းချရန်၊ ကုန်သွယ်ရန် ကမ်းလှမ်းချက်များ သို့မဟုတ် တောင်းခံသည့် အကြောင်းအရာ
  • လူအများ၊ တိရစ္ဆာန်များ သို့မဟုတ် ပိုင်ဆိုင်မှုအားထိခိုက်စေသည့် ပြစ်မှုဆိုင်ရာလှုပ်ရှားမှုများ ပြုလုပ်ပုံကို သင်ကြားပို့ချပေးသည့် အကြောင်းအရာ

လက်နက်များ

သေနတ်များ၊ လက်နက်ခဲယမ်းမီးကျောက်၊ သေနတ်နှင့်တွဲဖက်ပစ္စည်းများ၊ သို့မဟုတ် ပေါက်ကွဲလက်နက်များကို သရုပ်ဖော်ပြခြင်း၊ မြှင့်တင်ခြင်း သို့မဟုတ် ကုန်သွယ်ခြင်းကို ကျွန်ုပ်တို့ ခွင့်မပြုပါ။  ၎င်းလက်နက်များကို ထုတ်လုပ်ပုံကို သင်ကြားပေးချက်များကိုလည်း ကျွန်ုပ်တို့ ခွင့်မပြုပါ။ (ဥပမာ ပြတိုက်၌ စုဆောင်းခြင်းတွင် ပါ၀င်ခြင်းကဲ့သို့) ပညာပေးအနေအထားတွင် တွေ့ရခြင်း၊ (ဥပမာ ရဲအရာရှိတစ်ဦးကဲ့သို့) ခွင့်ပြုချက်ရ အစိုးရဝန်ထမ်းနှင့် ပတ်သက်ခြင်း သို့မဟုတ် (ဥပမာ သေနတ်ပစ်ကွင်း၊ အပန်းဖြေ အမဲလိုက်ခြင်းကဲ့သို့) ဘေးကင်း၍ ထိန်းချုပ်ထားသည့် ပတ်ဝန်းကျင်၌ အသုံးပြုခြင်းတို့တွင် သရုပ်ဖော်ခြင်းကို ကျွန်ုပ်တို့ ခွင့်ပြုကောင်း ခွင့်ပြုနိုင်ပါသည်။

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • သေနတ်များ၊ သေနတ်နှင့်တွဲဖက်ပြီးသုံးရသည့် ပစ္စည်းများ၊ ခဲယမ်းမီးကျောက်များ သို့မဟုတ် ပေါက်ကွဲလက်နက်များကို ပြသသည့် အကြောင်းအရာ
  • သေနတ်များ၊ သေနတ်များနှင့်တွဲဖက်သုံးသည့် ပစ္စည်းများ၊ ခဲယမ်းမီးကျောက်များ၊ ပေါက်ကွဲလက်နက်များ၊ သို့မဟုတ် ၎င်းတို့ကို ထုတ်လုပ်ပုံသင်ကြားပို့ချချက်များကို ဝယ်ယူမှု၊ ရောင်းချမှု၊ ကုန်သွယ်မှု သို့မဟုတ် တောင်းခံမှု

မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ထားသည့် ဆေးဝါးနှင့် ဓာတုပစ္စည်းများ၊ အရက်နှင့် ဆေးရွက်ကြီး

ကျွန်ုပ်တို့သည် မူးယစ်ဆေးဝါးများ သို့မဟုတ် အခြားထိန်းချုပ်ထားသည့် ဆေးဝါးနှင့်ဓာတုပစ္စည်းများကို သရုပ်ဖော်ခြင်း၊ မြှင့်တင်ခြင်း၊ သို့မဟုတ် ကုန်သွယ်ခြင်းကို ခွင့်မပြုပါ။ ဆေးရွက်ကြီးနှင့် အရက်ထုတ်ကုန် ပစ္စည်းများကို ကုန်သွယ်ခြင်းကို လည်း ဤပလက်ဖောင်းတွင် တားမြစ်ထားသည်။

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ သို့မဟုတ် အခြားသူများကို မူးယစ်ဆေးဝါး သို့မဟုတ် အခြားထိန်းချုပ်ထားသည့် ဆေးဝါးနှင့်ဓာတုပစ္စည်းများကို ပြုလုပ်၊ သုံးစွဲ၊ ကုန်သွယ်ခြင်းများကို သရုပ်ဖော်ပြသည့်အကြောင်းအရာ
  • (ဆေးရွက်ကြီး အငွေ့ရှူသည့် (vaping) ထုတ်ကုန်ပစ္စည်းများ၊ အခိုးအငွေ့ မပါ သို့မဟုတ် လောင်ကျွမ်းနိုင်သည့် ဆေးရွက်ကြီးထုတ်ကုန်များ၊ လူလုပ် နီကိုတင်း ထုတ်ကုန်များ၊ အီး-စီကရက်များနှင့် အခြားသော [အီလက်ထရွန်းနစ် နစ်ကိုတင်းဓာတ်ပို့သည့် စနစ်များ] Electronic Nicotine Delivery Systems (ENDS)  အပါအဝင်) မူးယစ်ဆေးဝါး သို့မဟုတ် ထိန်းချုပ်ထားသောအခြားဆေးဝါးနှင့် ဓာတုပစ္စည်းများ၊ အရက် သို့မဟုတ် ဆေးရွက်ကြီးထုတ်ကုန်များကို ဝယ်ယူရောင်းချ၊ ကုန်သွယ်ခြင်း သို့မဟုတ် တောင်းခံခြင်း ပြုလုပ်သည့် အကြောင်းအရာ
  • တရားမဝင် သို့မဟုတ် ထိန်းချုပ်ထားသည့် ဆေးဝါးနှင့်ဓာတုပစ္စည်းများကို မည်သို့ဝယ်ယူရကြောင်း သတင်းအချက်အလက်ပေးထားသည့် အကြောင်းအရာ
  • မူးယစ်စေရန်အတွက် တရားဝင်ဆေးဝါးနှင့် ဓာတုပစ္စည်းများတလွဲသုံးမှုကို သရုပ်ဖော်ပြသည့် သို့မဟုတ် အားပေးကူညီသည့် အကြောင်းအရာ သို့မဟုတ် အိမ်၌တရားမဝင်ဆေးဝါးနှင့် ဓာတုပစ္စည်းများ ပြုလုပ်ပုံကို သင်ကြားပို့ချချက်များပါဝင်သည့် အကြောင်းအရာ

 

လိမ်လည်လှည့်ဖြားခြင်းများနှင့် တစ်ပတ်ရိုက်ခြင်းများ

အသုံးပြုသူများ၏ယုံကြည်စိတ်ချမှုကို အခွင့်ကောင်းယူ၍ ငွေကြေးအရဖြစ်စေ ပုဂ္ဂိုလ်ရေးအရဖြစ်စေ ထိခိုက်မှုများ ပေါ်ပေါက်စေရန် ကျွန်ုပ်တို့၏ပလက်ဖောင်းကို အသုံးချခြင်းကို မည်သူ့ကိုမျှ ခွင့်မပြုပါ။ လူပုဂ္ဂိုလ်များထံမှ လိမ်ညာယူရန် လျှို့ဝှက်ကြံစည်ခြင်းများ သို့မဟုတ် ပိုင်ဆိုင်မှများကို ရယူရန် လျှို့ဝှက် ကြံစည်ခြင်းများအပါအဝင် ငွေရေးကြေးရေးအရ ဖြစ်စေ ပုဂ္ဂိုလ်ရေးအရဖြစ်စေ တရားမဝင်အမြတ်ထုတ်ရန် လူတို့ကိုလှည့်ဖြားသည့်အကြောင်းအရာများကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်။

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • နာမည်ကြီးကုမ္ပဏီများဖြစ်ဟန်ဆောင်လျက် လူပုဂ္ဂိုလ်များ၏ယူဇာနိမ်း၊ ပတ်စ်ဝဒ်နှင့် ခရဲဒစ်ကတ်ကဲ့သို့ ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုရယူခြင်း (phishing) ကို အားပေးသည့် အကြောင်းအရာ
  • မကြာသေးမီကရင်းနှီးမြှုပ်နှံသူများ၏ငွေများကို စောစောရင်းနှီးမြှုပ်နှံသူများအားပေး၍ ရင်းနှီးမြှုပ်နှံ သူများကို မျှားခေါ်ခြင်း (Ponzi)၊ အဆင့်အမျိုးမျိုးဖြင့်စျေးကွက်ရှာခြင်း၊ သို့မဟုတ် ရင်းနှီးမြှုပ်နှံ သူများကို တိုး၍စုဆောင်း၍ လိမ်လည်၍ငွေရှာရန် လျှို့ဝှက်ကြံစည်ခြင်းများ (pyramid schemes) တို့ကို အားပေးသည့် အကြောင်းအရာ
  • အမြတ်အစွန်းမြင့်မားမည်ဟု ကတိပေးသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လျှို့ဝှက်ကြံစည်မှုများ၊ သတ်မှတ်ထားသည့် ပမာဏတစ်ရပ်အပေါ် အလောင်းအစားပြုခြင်း၊ သို့မဟုတ် အခြားသောပုံစံဖြင့် တစ်ပတ်ရိုက်ခြင်းများကို အားပေးခြင်းများပါဝင်သည့် အကြောင်းအရာ

လောင်းကစားခြင်း 

လောင်းကစားသည့်ဝန်ဆောင်မှုများကို အားပေးကူညီသည့် သို့မဟုတ် ကာစီနိုများ၊ အားကစားလောင်းကစားခြင်းများ၊ သို့မဟုတ် စီးပွားရေးအရ လောင်းကစားသည့် အခြားလုပ်ဆောင်မှု တစ်စုံတစ်ရာအတွက် ကြော်ညာအဖြစ် ယူဆနိုင်သည့် အကြောင်းအရာကို ကျွန်ုပ်တို့ ခွင့်မပြုပါ။   

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • ကာစီနိုများ၊ အားကစားလောင်းကစားခြင်းများ၊ ပိုကာ၊ ချဲထီများ၊ လောင်းကစားနှင့် ဆက်နွှယ်နေသည့် ဆော့ဖ်ဝဲယားနှင့် အက်ပ်များ၊ သို့မဟုတ် အခြားလောင်းကစားသည့် ဝန်ဆောင်မှုများကို အားပေးကူညီသည့် အကြောင်းအရာ 

လူတစ်ဦး၏အတွင်းရေး၊ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်သည့် အချက်အလက်များ

ကိုယ်ရေးကိုယ်တာအချက်အလက်များ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်သည့် (ဥပမာ မှတ်ပုံတင် အချက်အလက်များ၊ ဖုန်းနံပါတ်များ၊ နေရပ်လိပ်စာကဲ့သို့) အချက်အလက်များ လျှို့ဝှက်ထားမှုကို ချိုးဖောက်သည့် အကြောင်းအရာကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ ကိုယ်ရေးကိုယ်တာ အချက်အလက်များ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်သည့် အချက်အလက်များ (personally identifiable information) (PII) ကို ဖော်ပြသည့် အကြောင်းအရာကို ဤပလက်ဖောင်းမှ ကျွန်ုပ်တို့ ဖယ်ရှားပါသည်။ 

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင် သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • ကိုယ်ရေးကိုယ်တာအချက်အလက်များ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်သည့် အချက်အလက်များ (PII) ပါဝင်သည့် အကြောင်းအရာ

 

အကြမ်းဖက် အနိဌာရုံ သရုပ်ဖော်မှု

TikTok သည် ဖန်တီးနိုင်စွမ်းကို ချီးကျူးဖော်ထုတ်သည့် ပလက်ဖောင်းဖြစ်သော်လည်း စိတ်ချောက်ချားမှု သို့မဟုတ် အကြမ်းဖက်မှုကိုမူ မချီးကျူးပါ။ အကြောင်းမဲ့ စိတ်ချောက်ချားစေသည့်၊ ကွက်ကွက်ကွင်းကွင်း ပေါ်လွင်သည့်၊ ရက်စက်ခြင်း၌ သာယာသည့်၊ သို့မဟုတ် မြင်မကောင်းသည့် သို့မဟုတ် အစွန်းရောက် အကြမ်းဖက်မှု သို့မဟုတ် ဒုက္ခခံစားရခြင်းကို အားပေးကူညီသည့်၊ ပုံမှန်ဖြစ်စေသည့်၊ သို့မဟုတ် အမွှမ်းတင်သည့် အကြောင်းအရာကို ဤပလက်ဖောင်းတွင် ကျွန်ုပ်တို့ ခွင့်မပြုပါ။ အများပြည်သူဘေးကင်းရေး အပေါ် ခြိမ်းခြောက်မှု ဖြစ်သည့်အခါ ကျွန်ုပ်တို့သည် ဤအကောင့်ကို တားမြစ်ပိတ်ပင်ပြီး၊ အကြောင်းခိုင်လုံသည့်အခါ သက်ဆိုင်ရာဥပေဒအာဏာပိုင်များထံ ကျွန်ုပ်တို့ တိုင်ကြားပါမည်။

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • လူတို့နှင့်ပတ်သက်ပြီး အောက်ပါတို့ကို သရုပ်ဖော်ပြသည့် အကြောင်းအရာ-
    • အကြမ်းဖက်သည့် သို့မဟုတ် ကွက်ကွက်ကွင်းကွင်း ပေါ်လွင်သည့် သေဆုံးခြင်းများ သို့မဟုတ် မတော်တဆ ဖြစ်ခြင်းများ
    • ပေါင်လက်ပြတ်သည့်၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်ထားသည့်၊ တူးခြစ်သွားသည့် သို့မဟုတ် လောင်ကျွမ်း ထားသည့် လူရုပ်ကလာပ်များ
    • ပွင့်ဟနေသောဒဏ်ရာ သို့မဟုတ် အနာတရဖြစ်မှုတစ်ရပ်ဖြင့် သွေးထွက်သံယိုမှုသည် အဓိက အာရုံစိုက်ရာ ဖြစ်ခြင်း 
    • လက်တွေ့ လောက၌ ဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု သို့မဟုတ် ညှဉ်းပန်းနှိပ်စက်မှု
  • အောက်ပါတို့ကို သရုပ်ဖော်ပြသောတိရစ္ဆာန်များနှင့် ပတ်သက်သည့် အကြောင်းအရာ-
    • တိရစ္ဆာန်များအားသတ်ဖြတ်ပွဲ သို့မဟုတ် အခြားသော သဘာဝမကျသည့်နည်းဖြင့် တိရစ္ဆာန်များသေဆုံးခြင်း
    • ပေါင်လက်ပြတ်သည့်၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်ထားသည့်၊ တူးခြစ်သွားသည့် သို့မဟုတ် လောင်ကျွမ်း ထားသည့် တိရစ္ဆာန်ရုပ်ကလာပ်များ
    • တိရစ္ဆာန်အပေါ်ရက်စက်မှုနှင့် သွေးထွက်သံယိုမှု


မူပိုင်ခွင့်ရှိသည့်ဉာဏ်ပညာဖြင့် တီထွင် ဖန်တီးထားသော အရာနှင့် ကုန်အမှတ်တံဆိပ်ဆိုင်ရာ ချိုးဖောက်မှုများ

မူပိုင်ခွင့်ဆိုသည်မှာ (ဥပမာ သီချင်း၊ ဗီဒီယိုများကဲ့သို့) မူရင်းရေးသားမှုနှင့် (ဥပမာ ဗီဒီယို သို့မဟုတ် တေးသီချင်းတစ်ပုဒ်ကို ဖော်ပြပုံ သို့မဟုတ် ဖန်တီးပုံ အတိအကျကဲ့သို့) အတွေးအခေါ်တစ်ခု၏ မူရင်းဖော်ပြပုံကို ကာကွယ်ထားသည့် တရားဝင် ရပိုင်ခွင့်တစ်ခု ဖြစ်သည်။ သို့သော် ၎င်းသည် အရင်းခံအတွေးအခေါ်များ သို့မဟုတ် အချက်အလက်များကိုမူ ကာကွယ် မထားပါ။ မူပိုင်တံဆိပ်သည် ထုတ်ကုန်တစ်ခု သို့မဟုတ် ဝန်ဆောင်မှုတစ်ရပ်၏ အရင်းအမြစ်ကို ဖော်ထုတ်ပြီး ခွဲခြားသည့် စကားလုံး၊ သင်္ကေတ၊ ဆောင်ပုဒ် သို့မဟုတ် ဒီဇိုင်းဖြစ်သည်။  မူရင်းအကြောင်းအရာကို ဖန်တီး၍ဝေမျှရန် လူတိုင်းကို ကျွန်ုပ်တို့ အားပေးတိုက်တွန်းပါသည်။ အခြားသူတစ်ဦး၏ ဉာဏ်ပညာဖြင့် တီထွင်ဖန်တီးထားသောအရာမူပိုင်ခွင့်ကို ချိုးဖောက်သည့် အကြောင်းအရာကို ကျွန်ုပ်တို့၏ပလက်ဖောင်းတွင် တားမြစ်ထားပြီး ၎င်းကို ကျွန်ုပ်တို့တွေ့ရှိပါက ဖယ်ရှားပါမည်။ တရားမျှတစွာအသုံးပြုခြင်းဆိုင်ရာ အယူဝါဒ သို့မဟုတ် သက်ဆိုင်ရာဥပဒေများကဲ့သို့ အချို့အခြေအနေများတွင် မူပိုင်ခွင့် ရှိသော အလုပ်တစ်ခုကို အသုံးပြုခြင်း၊ သို့မဟုတ် ရည်ညွှန်းချက်တစ်ခု ပြုရန်၊ တရားဝင်နည်းဖြင့် မှတ်ချက်ပေးရန်၊ ဝေဖန်ရန်၊ ပြက်လုံးထုတ်ရန်၊ အားပေးသူ စာမျက်နှာတစ်ခု ပြုလုပ်ရန်၊ သို့မဟုတ် ထုတ်ကုန်တစ်ခု သို့မဟုတ် ဝန်ဆောင်မှု တစ်ခုကို သုံးသပ်ရန် ကုန်အမှတ်တံဆိပ်ကို အသုံးပြုခြင်းကို ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်သည်ဟု ယူဆကောင်း ယူဆမည် မဟုတ်ပါ။

အောက်ပါတို့ကို ပို့စ်လုပ်ခြင်း၊ တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် မျှဝေခြင်းတို့ မပြုရ-

  • အခြားသူတစ်ဦး၏ မူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ သို့မဟုတ် ဉာဏ်ပညာဖြင့် တီထွင်ထားသော အခြားအရာများ အတွက် မူပိုင်ခွင့်များကို ချိုးဖောက်သည့် အကြောင်းအရာ

 

ပလက်ဖောင်း လုံခြုံရေး 

ကျွန်ုပ်တို့ ၏အသုံးပြုသူများ၊ ဖန်တီးသူများ၊ လုပ်ငန်း ပူးပေါင်းလုပ်ကိုင်သူများ၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ပေးသွင်းသူများနှင့် ဝန်ထမ်းတို့၏အချက်အလက်များ ဘေးကင်းလုံခြုံရေးသည် TikTok အတွက် ထိပ်တန်း ဦးစားပေးအရာပင် ဖြစ်ပါသည်။ ယင်းတွင် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ၊ အကောင့်များ၊ ပရိုဖိုင်းများ၊ အကြောင်းအရာများ၊ ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် အခြားအချက်အလက်များအပြင် ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပါဝင်ပါသည်။  ခွင့်ပြုထားခြင်းမရှိသည့်နည်းများဖြင့် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်၊ အက်ပ်၊ ကွန်ရက်အပြင် ဆက်စပ်မှုရှိသည့် အခြေခံအဆောက်အဦး သို့မဟုတ် ကွန်ရက်များပါဝင်သော TikTok ၏ ပလက်ဖောင်းကို ဝင်ရောက်ခြင်း သို့မဟုတ် လျှို့ဝှက်ထားသည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ သို့မဟုတ် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူခြင်းတို့ကို ခွင့်မပြုပါ။ ကျွန်ုပ်တို့ပလက်ဖောင်း၊ ထုတ်ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများတို့၏ လုံခြုံရေး၊ တည်တံ့ခိုင်မြဲမှု သို့မဟုတ် အားထားနိုင်မှုကို  အားနည်းစေရန် သို့မဟုတ် အလွဲသုံးစားပြုရန် မည်သည့်ကြိုးပမ်းမှုကိုမဆို အထူးတလည် တားမြစ်ပါသည်။

အောက်ပါတို့ကို မပြုရ-

  • TikTok ပလက်ဖောင်းကို ခွင့်ပြုချက် မရဘဲ၀င်ရောက်ရန် ကြိုးပမ်းခြင်း မပြုရ၊ ထို့အပြင် အတုအပ သို့မဟုတ် လှည့်စားထားသော TikTok ပလက်ဖောင်းပုံစံများ ဖန်တီးခြင်း မပြုရ
  • အန္တရာယ်ရှိသောဖိုင်များ၊ အကြောင်းအရာ သို့မဟုတ် ဗိုင်းရပ်စ်များ၊ Trojan ဆော့ဖ်ဝဲများ၊ ပွားများ၍ စက်ကိရိယာကို ပျက်စီးစေသည့် worms ဆော့ဖ်ဝဲများ၊ လောဂျစ်ဗုံးများ သို့မဟုတ် လူမှုအသိုင်းအဝိုင်း သို့မဟုတ် ပလက်ဖောင်းကို ထိခိုက်နိုင်သည့် အခြားအရာများပါရှိသည့် စာတိုများကို ဖန်တီးခြင်း သို့မဟုတ် ဖြန့်ဝေခြင်း
  • TikTok သို့မဟုတ် ၎င်းကိုအသုံးပြုသူများထံမှ လော့ဂ်အင်လုပ်ရန် အထောက်အထားများ သို့မဟုတ် အများပြည်သူအတွက် မဟုတ်သည့် အချက်အလက်များအပါအဝင် အရေးကြီးသည့် လျှို့ဝှက် အချက်အလက်များကို ရရှိရန်၊ ရယူရန် သို့မဟုတ် တောင်းခံရန်  အလိုအလျောက် ပြုလုပ်ထားသည့် စာသားများ၊ အင်တာနက်စာမျက်နှာများကို စနစ်တကျ လိုက်လံကြည့်ရှုခြင်း၊ လှည့်ဖြားသည့် နည်းလမ်းများ သို့မဟုတ် အခြားနည်းများအား အသုံးပြုခြင်း 
  • ဆိုက်ဘာပြစ်မှုကျူးလွန်ရန် သို့မဟုတ် အခြားသူများ၏ အကြောင်းအရာ၊ အကောင့်များ၊ စနစ်များ၊ သို့မဟုတ် ဒေတာများကို ရယူရန် ကြိုးပမ်းသည့်အနေဖြင့် လူအများအပြားအား အင်တာနက်မှနေ၍ သက်ဆိုင်မှုမရှိသော သို့မဟုတ် မလျော်ကန်သော စာတိုများကို ပေးပို့ရန်၊ နာမည်ကြီးကုမ္ပဏီများ ဖြစ်ဟန်ဆောင်လျက် လူပုဂ္ဂိုလ်များ၏အသုံးပြုသူအမည်၊ လျှို့ဝှက်ကုဒ်နှင့် ခရဲဒစ်ကတ်ကဲ့သို့ ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုရယူရန် (phishing)၊ ထိုအချက်အလက်များ ရယူရန် စာတိုအကြောင်းအရာ (smishing) စသည်တို့ကို TikTok အကောင့်များ လိမ်လည်၍ သို့မဟုတ် အယောင်ဆောင်၍ အသုံးပြုခြင်း 
  • ဖိုင်များ၊ ဇယားများ သို့မဟုတ် စာရွက်စာတမ်းများအပါအဝင် TikTok အပေါ်အခြေခံသည့် မည်သည့် ဆင့်ပွားထုတ်ကုန်ကိုမဆို ပြင်ဆင်ခြင်း၊ လိုက်လျောညီထွေဖြစ်အောင် ပြုခြင်း၊ ဘာသာပြန်ခြင်း၊ အလားတူကုန်ပစ္စည်း ထုတ်လုပ်ရန်အတွက် တည်ဆောက်ပုံကို လေ့လာခြင်း၊ ဖြုတ်ခြင်း၊ ခွဲထုတ်ခြင်း သို့မဟုတ် ဖန်တီးခြင်း သို့မဟုတ် အရင်းအမြစ်ကုဒ်၊ အယ်လ်ဂိုရီသမ်များ၊ နည်းလမ်းများ သို့မဟုတ် TikTok တွင် ထည့်သွင်းထားသည့် မည်သည့်နည်းပညာများကိုမဆို ပြန်လည်ထုတ်လုပ်ခြင်း
  • အခြားသူများအား သင့်အကောင့်၏ အထောက်အထားများကို ရယူစေခြင်း သို့မဟုတ် အခြားသူများအား ကျွန်ုပ်တို့၏လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ရန် ကူညီခြင်း
  • သံသယရှိသည့် အချိတ်အဆက်များကို ခလုတ်နှိပ်ခြင်း သို့မဟုတ် သင်၏ TikTok အကောင့် အသေးစိတ် အချက်အလက်များ၊ စကားဝှက်များ၊ သတ်မှတ်ချက်ပြည့်မီကြောင်း အထောက်အထား၊ ငွေရေးကြေးရေး သို့မဟုတ် အခြား ကိုယ်ရေးကိုယ်တာ အချက်အလက်များအကြောင်း တောင်းဆိုချက်များနှင့် ပါဝင်ပတ်သက်ခြင်း  


(For You) မျှ၀ေချက်အတွက် သတ်မှတ်ချက် မပြည့်မီခြင်း

သင့်အတွက် မျှ၀ေချက် (For You Feed - FYF) ၏ ရည်မှန်းချက်မှာ ကျွန်ုပ်တို့၏လုပ်ငန်းတာဝန်ဖြစ်သည့် ကမ္ဘာတစ်ဝန်းရှိ ကျွန်ုပ်တို့၏ ကွဲပြားသော လူမှုအသိုင်းအဝိုင်းကို တီထွင်ဖန်တီးမှု လှုံ့ဆော်ပေးခြင်းနှင့် ပျော်ရွှင်မှု ပေးခြင်းတို့ ဖြစ်ပေါ်စေသည့် မူရင်းအကြောင်းအရာများ ပေးရန်ဖြစ်သည်။ အကောင့်ပိုင်ရှင်တစ်ဦးစီ၏ FYF ကို တစ်ဦးချင်းအတွက် အကြံပြုထားသည့်စနစ်ပေါ်တွင် အခြေခံထားပါသည် ကျွန်ုပ်တို့၏ အကြံပြုသည့်စနစ်ကို အသုံးပြုသူဘေးကင်းရေးကို အဓိကထည့်သွင်းစဉ်းစား၍ စီမံထားပါသည်။  အချို့သော အကြောင်းအရာများသည် အကြံပြုရန် သင့်တော်ချင်မှ သင့်တော်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ FYF ၏ ပင်ကို စေ့ဆော်မှုအရ ပြုလုပ်ခြင်းသည် TikTok အား တမူထူးခြားစေသော်လည်း FYF ကို ကျွန်ုပ်တို့၏ ဆယ်ကျော်သက် အသုံးပြုသူများမှ ဘိုးဘေးများအထိ အားလုံးပါဝင်သည့် အထွေထွေ ပရိတ်သတ်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ဤပလက်ဖောင်း၌ မည်သည့်အကြောင်းအရာက အယ်လ်ဂိုရီသမ်ဖြင့် မြှင့်တင်ရေးအတွက် သတ်မှတ်ချက်နှင့် ပြည့်မီသည်ကို ဆုံးဖြတ်သည့်အခါတွင် ကျွန်ုပ်တို့၏ ပရိသတ် အကျယ်အဝန်းကို ထည့်သွင်းစဉ်းစားပါသည်။ ဒေသန္တရဥပဒေများကို ချိုးဖောက်ခြင်း မရှိသည့် အခါတွင် အောက်ပါအကြောင်းအရာ အမျိုးအစားများကို ကျွန်ုပ်တို့၏ပလက်ဖောင်း၊ ရှာဖွေနိုင်သည့် အရာများတို့တွင် ခွင့်ပြုကောင်း ခွင့်ပြုနိုင်ပြီး လိုက်လံကြည့်ရှုနေသည်ဟူသည့် ပေးဝေချက်တွင်မူ ကြည့်နိုင်သော်လည်း အကြံမပြုနိုင်ပေ။  

အသက်မပြည့်သေးသူ ဘေးကင်းရေး

အသက်မပြည့်သေးသူများ၏ ဆုံးဖြတ်နိုင်စွမ်းနှင့် မိမိတို့ မည်သူမည်ဝါဖြစ်ကြောင်း အသိစိတ်တို့သည် ၎င်းတို့ ကြီးထွားလာသည်နှင့်အမျှ ရင့်ကျက်လာသည်။ ဆယ်ကျော်သက်များကို မိမိတို့မည်သူမည်ဝါဖြစ်ကြောင်း ရှာဖွေရန်နှင့် ဒစ်ဂျစ်တယ်နေရာများတွင် ထုတ်ဖော်ပြောဆိုရန်အတွက် နောက်ထပ်နေရာပေးရာတွင် အသက် ၁၆ နှစ်အောက် အသုံးပြုသူများမှ တင်သည့်အကြောင်းအရာများသည် အကြံပြုရန်အတွက် သတ်မှတ်ချက် မပြည့်မီပေ။ ကျွန်ုပ်တို့သည် အသက်အရွယ်အားလုံးအတွက် ကောင်းမွန်သည့် ကြီးထွားဖွံ့ဖြိုးမှုကို အားပေးရန် ကြိုးပမ်းပါသည်။ အလှအပအတွက် ခွဲစိတ်ပြုပြင်ရန် အသက်မပြည့်သေးသူများအား အားပေးခြင်းသည် ကိုယ်ခန္ဓာအပေါ် စိတ်မကျေနပ်သည့်နှုန်းများ ပိုမိုမြင့်မားသွားစေနိုင်သည်။ ထို့ကြောင့် ယခင်နှင့် ယခု ဗီဒီယိုများ၊ ခွဲစိတ်သည့်ဖြစ်စဉ် ဗီဒီယိုများနှင့် အန္တရာယ်များကို သတိပေးချက်မပါဘဲ အလှပြုပြင်ရေးအတွက် စိတ်ကြိုက် ခွဲစိတ်မှုကို ဆွေးနွေးထားသည့် သတင်းတိုများကဲ့သို့သော အကြောင်းအရာသည် အသက် ၁၈ နှစ်အောက် အသုံးပြုသူအားလုံး၏ FYF အတွက် သတ်မှတ်ချက် မပြည့်မီပါ။

အန္တရာယ်ရှိသည့် စွန့်စားလုပ်ရပ်များနှင့် အားကစားများ

အချို့သောလုပ်ဆောင်ချက်များသည် ဘေးကင်းရေး ကြိုတင်ကာကွယ်မှုများ မရှိဘဲ တုပလုပ်ဆောင်သည့်အခါ၌ အန္တရာယ်ရှိနိုင်ပြီး ကိုယ်ခန္ဓာထိခိုက်မှု ဖြစ်စေနိုင်ပါသည်။ အန္တရာယ်ရှိသည့် စွန့်စားမှုများ သို့မဟုတ် ကျွမ်းကျင်ပညာရှင်မဟုတ်သူများက ပြုလုပ်သည့် အစွန်းရောက်အားကစားများ ပါဝင်သည့် အကြောင်းအရာများသည် သတ်မှတ်ချက်နှင့် ပြည့်မီမည်မဟုတ်ပါ (အသုံးပြုသူ သို့မဟုတ် အများပြည်သူအတွက် ကြီးလေးသည့်ထိခိုက်မှု သို့မဟုတ် သေဆုံးမှုများ ဖြစ်စေနိုင်သော အန္တရာယ်ရှိသည့် လုပ်ဆောင်ချက်များနှင့် ကျွမ်းကျင်ပညာရှင်မဟုတ်သူများက ပြုလုပ်သည့် စိန်ခေါ်ချက်များကို သရုပ်ပြသည့် အကြောင်းအရာများကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်)။ 

အလွန်အကြူး သရုပ်ဖော်ထားသည့် လိင်ပိုင်းဆိုင်ရာ အကြောင်းအရာများ

အကြောင်းအရာအားလုံးသည် အသုံးပြုသူအားလုံးအတွက် (အထူးသဖြင့် ကျွန်ုပ်တို့၏ ဆယ်ကျော်သက် အသုံးပြုသူများအတွက်) မသင့်တော်နိုင်ကြောင်း နှင့်/သို့မဟုတ် အချို့ဒေသများတွင် ယဉ်ကျေးမှုအရ မသင့်တော်နိုင်ကြောင်းကို ကျွန်ုပ်တို့ ဂရုပြုပါသည်။ စိတ်အေးချမ်းသာရှိပြီး အသက်အရွယ်နှင့် ဆီလျော်သည့် အတွေ့အကြုံကို ထိန်းသိမ်းထားရန် အထောက်အကူပြုရာတွင်၊ ပေါ်ပေါ်ထင်ထင် လိင်သဘော အကြံပြုထားသည့် အကြောင်းအရာများသည် အကြံပြုရန်အတွက် သတ်မှတ်ချက် မပြည့်မီနိုင်ပါ။ ယင်းတွင် ဝတ်လစ်စလစ်အဖြစ်ကို သွယ်ဝိုက်ရည်ညွှန်းချက်အား သရုပ်ပြထားသည့် အကြောင်းအရာ၊ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို လိင်သဘောသက်ရောက်စေထားသည့် အကြောင်းအရာ သို့မဟုတ် (ဥပမာ အဝတ်ချွတ်၍ စိတ်ကိုလှုံ့ဆော်ခြင်းများကဲ့သို့) ပေါ်ပေါ်ထင်ထင် ကာမရာဂနှိုးဆွသည့် သို့မဟုတ် ရမ္မက်သွေးကြွစေသည့် အကြောင်းအရာများ ပါဝင်ပါသည်။

ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်သေစာ

ကျွန်ုပ်တို့၏ပလက်ဖောင်းရှိ အသက်မပြည့်သေးသူများ ဘေးကင်းရေးကို ကာကွယ်ရန် TikTok ၌ အလေးအနက် ကတိကဝတ်ရှိပါသည်။ တရားဝင် အရက်သောက်နိုင်သည့် အရွယ်ရှိသူများမှ အန္တရာယ်ရှိသည့် ပုံစံဖြင့် သောက်သုံးခြင်းကို အားပေးသည့်၊ ဖော်ပြသည့် သို့မဟုတ် သရုပ်ပြသည့် အကြောင်းအရာသည် အကြံပြုရန်အတွက် သတ်မှတ်ချက် မပြည့်မီနိုင်ပါ။ အရွယ်ရောက်သူများမှ ဆေးရွက်ကြီး ထုတ်ကုန်များကို အသုံးပြုခြင်းကို သရုပ်ပြသည့်အကြောင်းအရာ သို့မဟုတ် ထိန်းချုပ်ထားသည့် အရာများကို ဖော်ပြသည့် အကြောင်းအရာသည် အကြံပြုရန်အတွက် သတ်မှတ်ချက် မပြည့်မီပါ။ အသက်မပြည့်သေးသူ တစ်ဦးမှ အရက်အဖျော်ယမကာများ၊ ဆေးရွက်ကြီး သို့မဟုတ် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိခြင်း သို့မဟုတ် သောက်သုံးခြင်းကို အကြံပြုသည့်၊ သရုပ်ပြသည့် သို့မဟုတ် အားပေးသည့် အကြောင်းအရာကို တားမြစ်ထားသည်ကို အမှတ်ရပါ။ အသက်မပြည့်သေးသူများအား ပစ်မှတ်ထား၍ အရက်၊ ဆေးရွက်ကြီး သို့မဟုတ် ထိန်းချုပ်ထားသည့် အရာများကို ဝယ်ပုံ၊ ရောင်းပုံ သို့မဟုတ် အလဲအလှယ်ပြုပုံတို့ကို သင်ကြားပြသသည့် အကြောင်းအရာကို ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များအရလည်း တားမြစ်ထားပါသည်။ 

စိတ်မချမ်းမြေ့ဖွယ် အနိဌာရုံ သရုပ်ဖော်အကြောင်းအရာမှု

ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းသည် တီထွင်ဖန်တီးမှုအပေါ် ဂုဏ်ယူသော်လည်း လူတစ်ဦးအား တုန်လှုပ် သွားစေခြင်းသည် လူတိုင်းနှစ်သက်သည့်အရာ မဟုတ်ပေ။ ကြောက်စရာကောင်းသည့် ခံစားမှုများ၊ ထခုန်လိုက်ရလောက်အောင် ခြောက်လှန့်ခြင်းများ၊ သွေးထွက်သံယို ဒဏ်ရာများကို တကယ်ဖြစ်သည်ဟု ထင်ရလောက်အောင် တုပသည့် မိတ်ကပ်လိမ်းခြယ်ခြင်း သို့မဟုတ် ကိုယ်ခန္ဓာ၏ လုပ်ငန်းဆောင်တာများကို သရုပ်ဖော်ချက်များ အပါအဝင် ကြည့်ရှုသူများအား စိတ်မသက်မသာ ဖြစ်စေခြင်း၊ တုန်လှုပ်စေခြင်း သို့မဟုတ် ရွံရှာစေခြင်း ဖြစ်စေနိုင်သည့် အကြောင်းအရာသည် FYF အတွက် သတ်မှတ်ချက် မပြည့်မီ ဖြစ်နိုင်ပါသည်။  TikTok တွင် အကြမ်းဖက် အနိဌာရုံ သရုပ်ဖော်မှုများ ကိုခွင့်မပြုပါ၊ သို့သော် အချို့သောအခြေအနေများတွင် လက်တွေ့လောက၌ ဖြစ်ပျက်နေသည့် အရာများကို မှတ်တမ်းတင်ထားပြီး ၎င်းသည် အများပြည်သူများသိရှိအကျိုးရှိစေနိုင်သည့်အခါ ကျွန်ုပ်တို့သည် ကွက်ကွက်ကွင်းကွင်း မြင်သာသည့် သေဆုံးမှုများ၊ မတော်တဆဖြစ်မှုများ သို့မဟုတ် ခိုက်ရန်ဖြစ်ပွားမှုများကဲ့သို့ ဤအကြောင်းအရာအချို့ကို ဖော်ပြနိုင်ပါသည်။ ဤဗီဒီယိုအကြောင်းအရာများသည် ကြည့်ရှုသူပရိသတ်အားလုံးအတွက် သင့်တော်မှုရှိမည် မဟုတ်သဖြင့် အကြံပြုရန်အတွက် သတ်မှတ်ချက် မပြည့်မီသည့်အပြင် ဤဗီဒီယိုအကြောင်းအရာတွင် “ရွေးချယ်ရန်”အဆိုပြုချက်နှင့် သတိပေးချက်များ ပါဝင်ပါမည်။

လူအများအပြားအား အင်တာနက်မှနေ၍ သက်ဆိုင်မှုမရှိသော သို့မဟုတ် မလျော်ကန်သော စာတိုများကိုပေးပို့ခြင်း (spam)၊ အစစ်အမှန်မဟုတ်သော အကြောင်းအရာ သို့မဟုတ် ထင်ရောင်မှားဖြစ်စေသော အကြောင်းအရာ

ကျွန်ုပ်တို့သည် စစ်မှန်မှုနှင့် တိကျမှုတို့ကို တန်ဖိုးထားပါသည်။ လိုက်လံကြည့်ရှုသူများ၊ နှစ်သက်မှုများ၊ ကြည့်ရှုမှုများ သို့မဟုတ် လိုက်လံကြည့်ရှုခြင်းမှ လိုက်လံကြည့်ရှုခြင်းသို့၊ နှစ်သက်ခြင်းမှ နှစ်သက်ခြင်းသို့ အပါအဝင် ပလက်ဖောင်းရှိ အခြားသော ထိတွေ့ဆက်ဆံမှု တိုင်းတာချက်များကို အစစ်အမှန်မဟုတ်ဘဲ တိုးမြှင့်ရန်အတွက် အသုံးပြုသူများအား လှည့်စားသည့် သို့မဟုတ် ချယ်လှယ်သည့် မည်သည့်အကြောင်းအရာ မဆိုနှင့် အသုံးပြုသူများအား နှစ်သက်ခြင်း သို့မဟုတ် ဝေငှခြင်း ခလုတ်များကို နှိပ်စေရန် ထင်ယောင်မှား ဖြစ်စေသည့် သို့မဟုတ် ချယ်လှယ်သည့် အကြောင်းအရာများကို FYF အတွက် အကျုံးမဝင်ဟု ကျွန်ုပ်တို့ သတ်မှတ်ထားပါသည်။ ယေဘုယျအားဖြင့် လက်ခံထားသည့် အယူအဆများကို ဆန့်ကျင်ပြီး (သက်ရှိ ထင်ရှားသည့် ပုဂ္ဂိုလ်တစ်ဦး မဟုတ်ဘဲ) လူတစ်စု သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်အား အပြစ်တင်သည့် သို့မဟုတ် အသေးစိတ်အချက်အလက်များပေါ်နေဆဲ လက်ရှိအဖြစ်အပျက်များအကြောင်း ထင်ယောင်မှား စေနိုင်သည့် သို့မဟုတ် ထိခိုက်စေနိုင်သည့် အကြောင်းအရာပါဝင်သည့် လျှို့ဝှက်ကြံစည်ထားသော အကြောင်းအရာများသည်လည်း အကြံပြုရန်အတွက် သတ်မှတ်ချက် မပြည့်မီပါ။   

မူရင်းမဟုတ်သည့် ဗီဒီယို၊ အရည်အသွေးနိမ့်သည့် ဗီဒီယိုနှင့် QR ကုဒ် ဗီဒီယို အကြောင်းအရာ

ပျော်ရွှင်ကောင်းသည့် မူရင်းဗီဒီယိုများသည် TikTok လူမှုအသိုင်းအဝိုင်း၏ အချက်အချာ ဖြစ်သည်။ ကျွန်ုပ်တို့၏ အသုံးပြုသူများက TikTok ပလက်ဖောင်းထံမှ မျှော်လင့်ထားသော အပြုသဘောဆောင်သည့် အတွေ့အကြုံကို ထိန်းသိမ်းထားရန်အတွက် မူရင်းမဟုတ်သည့်၊ အရည်အသွေး ညံ့ဖျင်းသည့် ဗီဒီယိုအကြောင်းအရာများသည် အကြံပြုရန်အတွက် မသင့်တော်ပါ။ အကြောင်းအရာသည် TikTok၊ အခြား ပလက်ဖောင်းများ သို့မဟုတ် ရုပ်မြင်သံကြား၊ ရုပ်ရှင် သို့မဟုတ် အင်တာနက်မှ ထုတ်လွှင့်သည့် ဗီဒီယိုများ အပါအဝင် အခြားအရင်းမြစ်များမှ တင်သွင်းထားခြင်း သို့မဟုတ် တင်ထားခြင်း ဖြစ်ပြီး အသုံးပြုသူက တီထွင်ဖန်တီးမှုရှိသော အသစ်ပြုပြင်ချက်များ ထပ်ထည့်ထားခြင်း မရှိသည့် အကြောင်းအရာကို မူရင်းမဟုတ်သည့် အကြောင်းအရာဟု ယူဆပါသည်။ အကြောင်းအရာသည် မူရင်းမဟုတ်ကြောင်း ညွှန်ပြချက် တစ်ရပ်မှာ မြင်သာသည့်ရေစာ အမှတ်အသား သို့မဟုတ် ထပ်ဆင့်ထားသည့် တံဆိပ်ဖြစ်သည်။ အရည်အသွေး နိမ့်သည့် အကြောင်းအရာထဲတွင် အလွန်တိုတောင်းသည့် ပုံသေရုပ်ပုံများနှင့် GIF ကိုသာ လုံးဝအခြေပြုထားသည့် ဗီဒီယိုများ ပါဝင်သည်။ (ဥပမာ အီလက်ထရွန်းနစ် ကုန်သွယ်ရေး e-commerce ကဲ့သို့) အန္တရာယ်အလားလာ နည်းပါးသည့် အခြေအနေအချို့တွင် ခြွင်းချက်အဖြစ် ခွင့်ပြုပေးသော်လည်း QR ကုဒ်များ ပါဝင်သည့် အကြောင်းအရာသည် အသုံးပြုသူများအား ဘေးအန္တရာယ်ရှိသည့် ဝက်ဘ်ဆိုက်များ သို့မဟုတ် အက်ပ်များထံ ရောက်ရှိသွားစေနိုင်သဖြင့် သာမန်အားဖြင့် FYF အတွက် အကျုံးမဝင်ပါ။

-------------------------------------------------------------------------------------------------------------------------------

ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာတက်ကြွသောလူမှုအသိုင်းအဝိုင်းတွင် တစ်စိတ်တစ်ဒေသပါဝင်ပြီး အသုံးပြုသူအားလုံးအတွက် နွေးထွေးကြိုဆိုမှုရှိသောနေရာတစ်ခုကို ပံ့ပိုးထိန်းသိမ်းထားရန် ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်သည့်အတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့၏လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များကို ချိုးဖောက်နိုင်သည်ဟု သင်ယူဆသည့် အကြောင်းအရာများ သို့မဟုတ် အကောင့်များကို တွေ့ ကြုံရပါက  သင့်တော်သည့်အရေးယူမှု ပြုလုပ်နိုင်ရန် ကျွန်ုပ်တို့ကို အသိပေးတင်ပြပါ ။